Skip to main content

မန္တလေး လူငယ်သင်တန်းကျောင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်များကသွားရောက် တွေ့ဆုံ မေးမြန်း

 

နေပြည်တော် ဩဂုတ် ၇

မုံရွာမြို့မှ လုယက်မှုဖြင့် တရားရုံးက ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့် လူငယ်ခုနစ်ဦးသည် မန္တလေးလူငယ်သင်တန်းကျောင်းသို့ ဇူလိုင် ၂၆ ရက် တွင် ရောက်ရှိခဲ့ပြီး ဇူလိုင် ၃၁ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် သင်တန်းကျောင်းမှ ထွက်ပြေးခဲ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ ပြန်လည်တွေ့ရှိခဲ့သည်။ ဇူလိုင် ၃၁ ရက် တွင် ထွက်ပြေးသူ လူငယ်တစ်ဦး သေဆုံးခဲ့ကာ ဩဂုတ် ၅ ရက်တွင် ထပ်မံ၍ လူငယ်တစ်ဦး သေဆုံး သွားခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအရ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော အဖွဲ့သည် ယနေ့တွင် မန္တလေးမြို့သို့ ရောက်ရှိပြီး ပြစ်ဒဏ်ကျ လူငယ်နှစ်ဦး သေဆုံးမှုနှင့် စပ်လျဉ်း၍ နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန် ရှိသူများကို တွေ့ဆုံမေးမြန်းခြင်း၊ မန္တလေးလူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်း တာဝန် ရှိသူများနှင့် ထွက်ပြေးရာတွင် ပါဝင်သော လူငယ် နှစ်ဦးတို့ကို တွေ့ဆုံမေးမြန်းခြင်း၊ မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံအုပ်ကြီးနှင့် သေဆုံးသူ လူငယ်နှစ်ဦးကို ရင်ခွဲစစ်ဆေးခဲ့သည့် မှုခင်း ဆရာဝန်ကြီးများ၊ တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခြင်း၊ ဆေးရုံတက် လူငယ်ကို တွေ့ဆုံ အားပေး စကားပြောကြား ပြီး အာဟာရပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

သက်ဆိုင်ရာ တွေ့ဆုံမေးမြန်းခဲ့သည့် ဌာနများက ယင်းတို့ဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သိရသည်။

သတင်းစဉ်