Skip to main content

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန် စဉ်ဆက်မပြတ် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုစီမံကိန်းများဆက်လက်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဒေသတွင်း နိုင်ငံ များ၏ အတွေ့အကြုံများ၊ စိန်ခေါ်မှုများ ဆွေးနွေး

 

နေပြည်တော် ဩဂုတ် ၇

အရှေ့တောင်အာရှဒေသနိုင်ငံများရှိ ကျန်းမာရေးဝန်ကြီး များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတို့၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်အတွင်း စဉ်ဆက်မပြတ် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစီမံကိန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဒေသတွင်းနိုင်ငံများ၏ အတွေ့အကြုံများ၊ စိန်ခေါ်မှုများကို ဆွေးနွေးခြင်း အစည်းအဝေးကို

virtual meeting ဖြင့် ယမန်နေ့က ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက် ဆွေးနွေးသည်။

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့ တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက အဖွင့်အမှာ စကားပြောကြား၍ တာဝန်ရှိသူများက ဆေးနှင့် ဆက်စပ် ပစ္စည်းများ ဖြန့်ဝေထားရှိမှုများကို ရှင်းလင်း တင်ပြ ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပြီး အဖွဲ့ဝင်နိုင်ငံ များက နိုင်ငံအလိုက် အတွေ့အကြုံများအပေါ် မူတည်၍ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား စဉ်ကာလ အတွင်း အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက် သွားရန် စီစဉ်ထားမှုများကို ဆွေးနွေး ပြောကြားသည်။

ထိုသို့ နိုင်ငံအလိုက် အတွေ့အကြုံများကို ဆွေးနွေး တင်ပြစဉ် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်မှုဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက်နေမှု၊ ပြည်သူလူထုသို့ အသိ ပညာပေးလုပ်ငန်း များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်သာမက social media နှင့် အခြား Public Media များ၌ အလွယ်တကူသိရှိနိုင်အောင် လွှင့်တင် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွား သည့်အချိန်၌ ပုံမှန်လုပ်ငန်းစဉ်များဖြစ်သော တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ခုခံကျကာလသားရောဂါကာကွယ်နှိမ်နင်းရေး၊ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနှင့် ဆင်ခြေထောက်ရောဂါဆေး တိုက်ကျွေးရေးလုပ်ငန်းများနှင့် အခြားပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များကို ယာယီရပ်ဆိုင်းခဲ့ပြီး မေလ လယ်မှစတင်၍ ဆေးရုံများ၌ ကာကွယ်ဆေးထိုးလုပ်ငန်း များကို ပြန်လည်စတင်ဆောင်ရွက်နေမှု၊ ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ အလွန်ကာလ အတွင်း ကျန်းမာရေးစနစ် အဆင့်မြင့်မားစေရန်အတွက် အကြံပေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နေမှု၊ အဖွဲ့ဝင်နိုင်ငံ များနည်းတူ မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်၊ လိုအပ်သောပစ္စည်းများ ထောက်ပံ့ မှုနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များတွင် အခက်အခဲ များကြုံတွေ့နေရသော်လည်း အခြေခံ ကျန်းမာရေး စောင့် ရှောက်မှုများနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် နိုင်ရေး အတွက် ကြိုးစားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

သတင်းစဉ်