ကျုံပျော် ဇန်နဝါရီ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် (၉) နာရီက ကျုံပျော်မြို့၊ အ.ထ.က(၁) တွင် ကျင်းပသည့် ကလေးစာပေပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနား ပထမပိုင်း အစီအစဉ်အဖြစ် ကျောင်းရှေ့ မုခ်ဦးတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် တာဝန်ရှိသူများ၊ ထူးချွန် ကျောင်းသား/ကျောင်းသူများနှင့်အတူ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး မိုးပျံပူဖောင်းများ လွှင့်တင်ကြသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အ.ထ.က(၁) ရှိ အောင်ဆန်းခန်းမတွင် ကျင်းပရာ အ.ထ.က(၁) မှ ကျောင်းသား/ကျောင်းသူများက “ ကလေးစာပေပွဲတော် Them Song ” ဖြင့် ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ကလေးစာပေပွဲတော် များကို ကလေးများ စာအုပ်စာပေတွင် နှစ်သက်မွေ့လျှော်ပြီး ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်တွင် ပျော်ရွှင်စွာ ဆင်နွှဲမှုနှင့်အတူ စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ ပညာဗဟုသုတပြည့်ဝပြီး အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ချက်များ ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ ပူးပေါင်းပြီး နေပြည်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီး (၉) နေရာတွင် ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ခရိုင်အဆင့် မြို့ကြီးများတွင်လည်း (၄၃) ကြိမ်ကျင်းပခဲ့ပြီး ဖြစ်သကဲ့သို့ စိတ်ပါဝင်စားသူများ စုပေါင်းပြီးလည်း ဒေသအစီအစဉ်ဖြင့် (၁၁) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း။
နိုင်ငံတစ်ဝန်းတွင်လည်း ကလေးစာပေပွဲတော်များ ဆက်လက်ကျင်းပရန်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ယမန်နှစ်က ပုသိမ်မြို့တွင် ကလေးစာပေပွဲတော် ကျင်းပခဲ့စဉ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးမှ ကလေးများ ကလေးစာပေပွဲတော်များတွင် ပါဝင်ဆင်နွှဲနိုင်စေရန် ဆန္ဒရှိမှုကြောင့် တိုင်းဒေသကြီးအတွင်းရှိ (၂၆) မြို့နယ်တွင် ယခုကဲ့သို့ အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အထူးဝမ်းသာအားရ ဖြစ်မိပါကြောင်း၊ ထိုသို့ကျင်းပရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအပြင် ရပ်မိ၊ ရပ်ဖများနှင့် စေတနာရှင် ပြည်သူများကလည်း စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ပံ့ပိုးကူညီ ဆောင်ရွက်မှုများကြောင့် ကလေးစာပေပွဲတော်များ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနေမှုကို တွေ့မြင်ရသကဲ့သို့ ပွဲတော်များတွင် ကလေးများ ပျော်ရွှင်တက်ကြွစွာ ပါဝင်ဆင်နွှဲကြမှုကို မြင်တွေ့ရသဖြင့်လည်း ပွဲတော်ဖြစ်မြောက်အောင် စီမံဆောင်ရွက်ကြသူ အားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားရာတွင် ကလေးစာပေပွဲတော် များကို ကလေးများအတွက် အကျိုးအမြတ်များစွာ ရရှိမည်ဟု ယုံကြည်ချက်ဖြင့် ယခုကဲ့သို့ စီစဉ်ကျင်းပနေခြင်း ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်ဆောင်ရွက် နေသည့် ကလေးစာပေပွဲတော် လုပ်ငန်းစဉ်ကို အခြေတည်၍ တိုင်းဒေသကြီးအနေဖြင့် ချဲ့ထွင်ကာ ယခုကဲ့သို့ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။ ကျုံပျော်မြို့နယ်တွင် ကျင်းပသည့် ကလေးစာပေပွဲတော်သည် ဧရာဝတီ တိုင်းဒေသကြီးရှိ (၂၆) မြို့နယ်အနက် (၁၆) မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် (၁၆) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ စာဖတ်သည့် အလေ့အကျင့်ကောင်း ရှိသော ကလေးများ၊ စာပေချစ်သော ကလေးများ၊ တစ်နည်းအားဖြင့် နိုင်ငံတော် တည်ဆောက်မှုတွင် အရည်အသွေးမြင့်မားသူ၊ အားကောင်းသူများ ပါဝင်လာစေရန် စီစဉ်ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်တွင် “ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ” ပြခန်းကိုလည်း ကလေးများအတုယူနိုင်ရန် ရည်ရွယ်ချက် ရှိရှိဖြင့် ထည့်သွင်းပြသထားပါကြောင်း၊ ကလေးစာပေပွဲတော်များ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်၏ အနာဂတ် လှပဖွံ့ဖြိုးစေရန်၊ အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာစေရန် အစပျိုး တည်ထောင်ပေးခြင်းလည်း ဖြစ်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် “ပြည်သူနှင့်အတူ” ဆောင်ပုဒ်နှင့်အညီ ဒေသခံပြည်သူများ၏ စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်မှုဖြင့် ကလေးစာပေပွဲတော်များကို ဝိုင်ဝန်း ဆောင်ရွက်ကြခြင်းဖြစ်ရာ အနာဂတ် နိုင်ငံတော်အတွက် ရလဒ်ကောင်းများ ရရှိပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် အ.ထ.က(၁)မှ ကျောင်းသားကျောင်းသူလေးများက စည်းလုံးခြင်းအတွက် သီချင်း တစ်ပုဒ်၊ အ.မ.က(မြို့မ)မှ ကျောင်းသား၊ ကျောင်းသူလေးများက ပုံပြင်သရုပ်ဖော်နှင့် အ.ထ.က(၂)မှ ကျောင်းသား၊ ကျောင်းသူလေးများက "မမပုသိမ်သူ" သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးစာပေပွဲတော်၌ ခင်းကျင်းပြသထားသည့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်း၊ ကလေးစာဖတ်ခန်း၊ ဌာနဆိုင်ရာ ပြခန်းများ၊ NGO ပြခန်းများ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့်အားကစား ပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြိုနယ်(၂၆) မြို့နယ်တွင် ကလေးစာပေပွဲတော်များကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ကျင်းပခဲ့ရာ ယနေ့ ကလေးစာပေပွဲတော် (ကျုံပျော်) ကျင်းပမှုသည် (၁၆)ကြိမ်မြောက်ပွဲတော်အဖြစ် ကျင်းပခြင်း ဖြစ်ပြီး ကျန်မြို့နယ်များတွင်လည်း စဉ်ဆက်မပြတ် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးစာပေ ပွဲတော်များတွင် ကလေးများအတွက် ပျော်ရွှင်စရာ အစီအစဉ်များ အပြင် အသိပညာ တိုးပွားရေး ပညာပေးပြခန်း များလည်း ပါဝင်ပြသထားရှိရာ ပွဲတော်တွင် လာရောက်စဉ်နွှဲကြသည့် ကလေးငယ်များအနေဖြင့် ပျော်ရွှင်မှု ရရှိစေသကဲ့သို့ ထိုသို့ ပျော်ပွဲရွှင်ပွဲများတွင် စုပေါင်းပါဝင် ဆင်နွှဲခဲ့ရမှုများကိုလည်း အမှတ်ရနေကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း ၊ နေဝင်း(ပြန်/ဆက်)
ဓာတ်ပုံ ၊ စိုးမင်းဦး(ပြန်/ဆက်)