“နိုင်ငံတည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေလိုအပ်သည့် ပစ္စည်းဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေးစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” မတ် ၈ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သို့ သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ ၂၀၀၆ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။ စီမံကိန်းတည်ဆောက်မှုကို ၂၀၁၇ ခုနှစ် မတ် ၁၅ ရက်တွင် ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ စီမံကိန်းအကောင်အထည်ဖော်မှု ရပ်တန့်ထားသည့် အမှတ်(၂) သံမဏိ စက်ရုံ(ပင်းပက်)ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပြန်လည်အကောင် အထည်ဖော်ခဲ့ရာ စီမံကိန်းအလုပ်ရုံ ၂၂ ရုံအနက် ၁၉ ရုံကို ဝန်မပါစမ်းသပ်လည်ပတ် နိုင်ပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် သံ၊ သံမဏိ၊ ကြေးနီ၊ သတ္တု၊ ခဲမဖြူ၊ အဖြိုက်နက်စသည့် တွင်းထွက်သယံဇာတများစွာ ထွက်ရှိသည်။ အရင်းအနှီး၊ နည်းပညာနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ်သဖြင့် စီးပွားဖြစ်ထုတ်လုပ်ရေးတွင် အားနည်းချက်ရှိသည်။ ယခုသံမဏိစီမံကိန်းကို ငွေကြေးအခက်အခဲ၊ နည်းပညာ အခက်အခဲများကြားမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း စီမံကိန်းလုပ်ငန်းအပေါ် နားလည်မှုနှင့်မဟာဗျူဟာမြောက်အမြင်မရှိဘဲ စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သဖြင့် နိုင်ငံတော်အတွက် များစွာနစ်နာခဲ့ရသည်။ ခေတ်မီတိုးတက်သည့်နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရေးတွင် သံမဏိသည် အရေးပါသည့် ကုန်ကြမ်းပစ္စည်းဖြစ်သည်။ ယခု ကြိုးပမ်းဆောင်ရွက်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် သံ၊ သံမဏိထုတ်ကုန်များကို ပြည်ပမှတင်သွင်းစရာမလိုဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
ထို့အပြင် နိုင်ငံခြားသုံးငွေကုန်ကျမှုကို လျှော့ချနိုင်ခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခြင်း၊ ခိုင်မာသည့်ဈေးကွက် ရရှိခြင်းတို့ကြောင့် မဖြစ်မနေအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းတစ်ခုဖြစ်သည်။ “နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတများကို စီမံခန့်ခွဲပိုင်ခွင့်သည် နိုင်ငံသူနိုင်ငံသားတို့၏ လက်ဝယ်တွင်သာရှိရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိကြောင်းကို မိမိတို့ပြည်တွင်းအားဖြင့် လုပ်ဆောင်နိုင်သည်ဟူသည့်စိတ်ဖြင့် ယုံကြည်မှုကို တည်ဆောက်နိုင်ရ မည်ဖြစ်ပြီး လူသားအရင်းအမြစ်ကောင်းများရှိနေပါက မိမိတို့အနေဖြင့် အခြားသူများကို အားကိုးရန်လိုအပ်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက် ရေရှည်အကျိုးကိုကြည့်၍ လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေးကိုလည်း ဝန်ကြီးဌာနများအလိုက် အားပေးဆောင်ရွက်ကြစေလိုကြောင်း” အဆိုပါစီမံကိန်းကို စစ်ဆေးစဉ် နိုင်ငံတော်အကြီးအကဲက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အပြင် မြေအောက်သယံဇာတများကို ထုတ်ယူသုံးစွဲမှုနှင့် ပတ်သက်၍လည်း “မြေအောက်သယံဇာတများသည် သစ်တောသစ်ပင်များကဲ့သို့ ပြန်လည်စိုက်ပျိုး၍ ရနိုင်သည်မဟုတ်ဘဲ နှစ်ပေါင်းများစွာကြာမြင့်မှသာလျှင် သဘာဝအလျောက် ဖြစ်တည်လာနိုင်သည်ဖြစ်ရာ နိုင်ငံအတွက်အကျိုးရှိသည့် နေရာများတွင်သာ အသုံးချရန်နှင့် ထုတ်ယူသုံးစွဲမှုများကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း” လမ်းညွှန်မှာကြားထားသည်။ အဆိုပါ သံမဏိစက်ရုံစီမံကိန်းကို ကမ္ဘာ့ပထမဆုံး သံရည်ကျိုနည်းစဉ်ကို အသုံးပြုထားသဖြင့် အလုပ်ရုံများ၏ ကုန်ထုတ် လုပ်မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ပြုလုပ်နိုင်ရေးနှင့် အလုပ်ရုံများအချင်းချင်း ချိတ်ဆက်ထုတ်လုပ်မှု ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအလိုက် စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ စီမံကိန်းတွင် သံသတ္တုရိုင်း ပြုပြင်ရေးအလုပ်ရုံ၊ စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၊ သံရည်ကျိုအလုပ်ရုံ၊ သံစိမ်းတုံး ပုံလောင်းအလုပ်ရုံ၊ သံစိမ်းတုံးသိုလှောင်ရုံ၊ ဖိအားမြင့် လေထုတ်အလုပ်ရုံတို့ကို တည်ဆောက် ထားသည်။
သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် သံ၊ သံမဏိ ထုတ်ကုန်များကို ပြည်ပသွင်းကုန်အဖြစ်မလိုအပ်တော့ဘဲ ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရန်အတွက် အကောင်အထည်ဖော် တည်ဆောက်ထားသော သံ၊ သံမဏိစီမံကိန်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားထားချက်များနှင့်အညီ တက်ညီလက်ညီ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။