နေပြည်တော် မတ် ၁၁
မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ကျန်းမာရေး နယ်ပယ်အသီးသီးမှ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌတို့က မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအထိမ်းအမှတ် မုခ်ဦးကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲ ဒုတိယပိုင်းကို Plenary Hall ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် “မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကြီး”ကို “အရည်အသွေး ရှေးရှုကျန်းမာရေး စောင့်ရှောက်မှု” “Quality Care in Medical Practice" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မှာဖြစ်ပြီး နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်များမှာ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျန်းမာရေးနယ်ပယ် အသီးသီးမှပညာရှင်များ ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် အပြန်အလှန်ပေါင်းစပ် ညှိနှိုင်းသင်ကြားရေးနှင့် ကုသရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုး တက်လာစေရန်၊ ကျန်းမာရေးကဏ္ဍနယ်ပယ်စုံမှ ပညာရှင်များပါဝင်ဆင်နွှဲစေခြင်းဖြင့် ခေတ်မီဆေးပညာရပ်များ ဖွံ့ဖြိုး တိုးတက်နေမှုများနှင့် ပတ်သက်၍ သိရှိနားလည်နိုင်စေရန်၊ ဆေးနှင့်ဆေးနှီး နွှယ်ပညာရှင် များအနေဖြင့် တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုစိတ်များ ဖြစ်ထွန်းစေရန်၊ ပြည်သူလူထုအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများပေးရာတွင် အထောက်အကူပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိသည်ကို အားလုံး သိရှိပြီးဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံအသီးသီးမှ ပြည်သူအပေါင်း၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ကြီးမားစွာ ရိုက်ခတ်စေခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါဆိုးကြီးနှင့် အဆိုပါရောဂါဆိုးကြောင့် ပေါ်ပေါက်လာခဲ့သည့် လူမှုရေး၊ စီးပွားရေး နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် မိမိကိုယ်တိုင်ဦးဆောင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဆင့်ဆင့်ကိုဖွဲ့စည်းပြီး လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားပညာရှင်များအပါအဝင် ကျန်းမာရေးဆိုင်ရာပညာရှင်များ၊ နိုင်ငံအတွင်းရှိစေတနာရှင် ပရဟိတအဖွဲ့အစည်းများ၏ စွမ်းအားကိုအခြေခံပြီး မိတ်ဆွေနိုင်ငံ များ၏ပံ့ပိုးကူညီမှုများ၊ တိုင်းရင်းသားပြည်သူအပေါင်း၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမှုများနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကို အခြေအနေတစ်ရပ်အထိ ထိထိရောက်ရောက် အောင်အောင် မြင်မြင်ထိန်းချုပ်၊ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့သည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါကြောင်း။
ထို့အတွက်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူ၊ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အဆိုပါအောင်မြင်မှုကို နမူနာယူပြီး တိုင်းရင်းသားပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြားကျန်းမာရေး ပြဿနာများကိုလည်း မိမိတို့နိုင်ငံတွင်းရှိ စုပေါင်းအင်အားဖြင့်ဖြေရှင်းဆောင်ရွက်ပြီး အောင်မြင်စွာကျော်လွှားနိုင်ကြမည်ဟု ယုံကြည်မိပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကိုစတင်ထမ်း ဆောင်စဉ်ကတည်းက ရှေ့လုပ်ငန်းစဉ်ကြီး(၅)ရပ်ကို နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးကိုရှေးရှုပြီး ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးပေါ်ကာလ နှစ်နှစ်အတွင်းတွင် ရှေ့လုပ်ငန်းစဉ်အမှတ်(၂)အနေဖြင့် “လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ထိထိရောက်ရောက်ဆောင်ရွက်သွားမည်” ဆိုသည့် ဦးတည်ချက်နှင့်အညီ ပြီးမြောက် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် လည်း ဆက်လက်တာဝန်ယူမည့် ကာလအတွက် ဦးတည်ချက်မှာ “တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်သွားမည်”ဟု ပြောင်းလဲချမှတ်ထားပြီး ကျန်းမာရေးကဏ္ဍအတွက် အားလုံးခြုံငုံပါဝင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးဦး တည်ချက်(၄)ရပ်၊ စီးပွားရေးဦးတည်ချက်(၄)ရပ်နှင့် လူမှုရေးဦးတည်ချက်(၄) ရပ်တို့နှင့်အညီ ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များအနက်မှ တတိယအချက်ဖြစ်သည့် “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး” ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေဝန်ကြီးဌာနအနေဖြင့် အဓိကအခန်းကဏ္ဍမှပါဝင်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့၊ နှီးနွှယ်ဆက်စပ်နေသည့်ဌာနဆိုင်ရာများ၊ နိုင်ငံတော်နှင့်ပြည်သူလူထု၏အကျိုး စီးပွားကိုလိုလားသည့် စေတနာရှင်ပရဟိတ လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီပံ့ပိုးမှုများ၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်မှုစွမ်းအားများနှင့် ဦးတည်ချက်ကို အောင်မြင်မှုရရှိလာသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်ကိုတိုက်တွန်းပြောကြားလိုပါကြောင်း။
တစ်မျိုးသားလုံးသက်ရှည်ကျန်းမာရန်အတွက် ကျန်းမာရေးကဏ္ဍ တစ်ရပ်လုံးဖွံ့ဖြိုး တိုးတက်ရေးကိုဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဖြစ်သည့် မိခင်နှင့်မျိုးဆက် ပွားကျန်းမာရေး၊ မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေး၊ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး၊ ကူးစက်ရောဂါနှင့် မကူးစက်ရောဂါများ ကာကွယ်တိုက်ဖျက်ရေး၊ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ် ကြည့်ရှု စစ်ဆေးခြင်းနှင့်ကာကွယ် ဆေးထိုးခြင်း၊ ပုံမှန်ကာကွယ်ဆေးများထိုးခြင်း၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေး၊ ကျန်းမာရေးအဆင့်မြှင့်တင်ရေးစသည့် ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီပြီး သာတူညီမျှရှိတဲ့ ကျန်းမာရေးလွှမ်းခြုံမှုစနစ် တစ်ရပ်ဖြစ်လာစေရေး ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း။
လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ ပြည်သူလူထု၏ မျှော်မှန်းသက်တမ်း တိုးတက်မြင့်မားလာစေရေးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးပညာရှင်များ၏ လုပ်ဆောင်မှုများသာမက သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ကျန်းမာရေးအသိပညာ တိုးတက်မြင့်မားစေပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများနှင့် နေထိုင်သွားစေရန်အတွက် စဉ်ဆက် မပြတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန်ကိုလည်း မှာကြားလိုပါကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါဖြစ်ပွားလာပါက အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုများပေးနိုင်ရေး လုပ်ငန်းများကို မိမိတို့နိုင်ငံ၏ အရင်း အမြစ်များအပေါ်မူတည်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် မူဝါဒများ၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများ အနေဖြင့် အချိန်ပြည့် အရေးပေါ်လူနာများ လက်ခံကုသနိုင်ရေးအတွက် စီမံထားရှိခြင်း၊ လူနာများကိုတတ်နိုင်သမျှ ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲရငွေ လျော့နည်းစေရေးတို့အတွက် လိုအပ်သည့် ဆေးဝါးများ၊ ရောဂါရှာဖွေခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ပြည်သူများနေရာထိုင်ခင်းကောင်းမွန်စွာဖြင့် စိတ်အေးချမ်းသာစွာဆေး ကုသမှုခံယူနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများအား မွမ်းမံပြင်ဆင်ခြင်း၊ အသစ်တိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့်မီဆေးကုသမှုများ ခံယူနိုင်စေရန်ဆေးဝါးများ၊ ခေတ်မီဆေးပစ္စည်းကိရိယာများ စဉ်ဆက်မပြတ်ဖြည့် ဆည်းပေးခြင်းတို့ကိုလည်း နိုင်ငံတော်အနေဖြင့် နှစ်စဉ်ဘတ်ဂျက်များတိုးမြှင့် လျာထားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင် နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ပေးနေသည့်အပြင် ချီးမြှင့်ငွေနှင့်စရိတ်မျိုးစုံကို ခံစားခွင့်ရရှိစေရန်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ် (၁၆)ခု၊ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း(၅၃) ကျောင်းတို့ကိုဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများကို လိုအပ်ချက်နှင့်အညီပြုပြင်ပြောင်းလဲပြီး သင်ကြားပေးလျက်ရှိပါကြောင်း၊ ယခုဆေးပညာ သင်ရိုးညွှန်းတမ်းကို နိုင်ငံတကာအဆင့်မီဖြစ်စေရန် မျှော်မှန်းရလဒ်အခြေခံသည့် စုစည်းချိတ်ဆက်သင်ကြားခြင်းစနစ်ကို ပြောင်းလဲသင်ကြားလျက်ရှိပြီး ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှု(Inter-Professional Education)နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်တတ်စေရေးတို့ကိုပါ ထည့်သွင်း သင်ကြားပေးလျက်ရှိသည်ကို သိရပါကြောင်း။
ဆေးဘက်ဆိုင်ရာပညာများကို အရေအတွက်သာမက အရည်အချင်းကိုပါ အလေးထားပြီး ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာများကိုပါ ထည့်သွင်းသင်ကြားပေးနေသည်ကို သိရသည့်အတွက် ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် များစွာကျေနပ်အားရ ဖြစ်မိပါကြောင်း၊ ထို့ပြင် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များကို တက်ရောက်ရန် ဝင်ခွင့်ရွေးချယ် ရာတွင်လည်း ဆေးပညာရပ်ကိုအမှန်တကယ်စိတ်ဝင်စားသူများ၊ ဆေးပညာကျင့်ဝတ်လိုက်နာစောင့်ထိန်းမည့်သူများ၊ ကျန်းမာရေးနယ်ပယ်တွင် တာဝန်ထမ်းဆောင်လိုသူများ၊ မေတ္တာစေတနာနှင့် ကျန်းမာရေးစောင့်ရှောက်ပေးလို သူများကိုသာ ရွေးချယ်ပြုစုပျိုးထောင်နိုင်ရေးအတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို စနစ်တကျစိစစ်ရွေးချယ်ပြီး ဝင်ခွင့်ပြုသည့် စနစ်သစ်ကို ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှ စတင်ကျင့်သုံးလျက်ရှိပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့်လည်း ပြည်သူလူထုအတွင်းစိတ်ချယုံကြည်စွာ စားသောက်သုံးစွဲနိုင်မည့်ပစ္စည်းမှန်၊ အမျိုးမှန်၊ အစားအစာနှင့် ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူး၊ တင်သွင်းရောင်းချနိုင်စေရန် ကြီးကြပ်ကွပ်ကဲမှုများ၊ ဝန်ဆောင်မှုများ စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသောက်ကုန်နှင့် ဆေးဝါးများကို မြန်ဆန် တိကျမှန်ကန်စွာဖြင့် စစ်ဆေးဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ပြည်သူလူထု၏ ကျန်းမာရေးကိုထိရောက်စွာ စောင့်ရှောက်ပေးနိုင်စေရန်အတွက် မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်း တိုးတက်မြင့်မား လာစေရန်ရည်ရွယ်ပြီး မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲများကို (၂၁)ကြိမ် မြောက်အထိအောင်မြင်စွာ ကျင်းပပြုလုပ် ခဲ့သည်ကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနအနေဖြင့်လည်း ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်စေမည့် သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Myancopharm ကိုဗစ်ရောဂါကာကွယ်ဆေးနှင့် သက်ဆိုင်သည့် သုတေသန လုပ်ငန်းများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနကထုတ်လုပ်သည့် ဝိသမအဖျားရောဂါပျောက်ဆေးနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ၊ ရောဂါပိုးများ၏ မျိုးရိုးဗီဇပြောင်း လဲမှုနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်သည့်အပြင် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို (၅၁) ကြိမ်မြောက်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်းလည်း ပြောကြားလိုပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၏ ဦးတည်ချက်များ အောင်မြင်စေရေးဆောင်ရွက်ရာတွင် ကျန်းမာသည့်လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ၏ကျန်းမာရေးစောင့် ရှောက်မှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ပြည်သူတစ်ရပ်လုံးသက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ရေး၊ ရောဂါဘယကင်းဝေးစေရေးအတွက် ဦးတည်ချက်ထားပြီး နေ့ညမပြတ်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယနေ့ကျင်းပသည့် “မြန်မာနိုင်ငံကအဆိုပါရည်ရွယ်ချက်များ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး” အောင်မြင်စေရန် ကြီးမားသည့်အထောက်အပံ့တစ်ခုဖြစ်စေမည်ဟု လေးနက်စွာယုံကြည် မျှော်လင့်မိပါကြောင်း။
အခုကျင်းပသည့် နှီးနှောဖလှယ်ပွဲကြီးတွင် ကျန်းမာရေးနှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီးက ပြည်တွင်း/ပြည်ပမှ ပါမောက္ခဆရာဝန်ကြီးများ၊ ဆေးဘက်ဆိုင်ရာပညာရှင်များက မိမိတို့၏ တန်ဖိုး ကြီးမားသော ဆေးပညာအတွေ့အကြုံများကို အနာဂတ်ကာလတွင် နိုင်ငံတော်၏ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ကို ပခုံးပြောင်းပြီးတာဝန်ယူကြမည့် မျိုးဆက်သစ်လူငယ် ဆရာဝန်များ၊ ဆေးပညာရှင်များကိုလက်ဆင့်ကမ်းပြီး ပညာအမွေပေးအပ်ကြမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အနာဂတ်ကာလ၌ဆက်လက်ပြီး အကောင် အထည်ဖော်ဆောင်ရွက်ကြမည့် ရောဂါကာကွယ်တားဆီးရေး၊ ကုသရေးနှင့်ပြန်လည် သန်စွမ်းရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းကိစ္စရပ်များအတွက် အခြေခံကောင်းများ၊ အတွေးအမြင်သစ်များနှင့် အတွေ့အကြုံကောင်းများ၊ သင်ခန်းစာယူရမည့်အချက်များကို မျှဝေရရှိစေမည်ဖြစ်သည့်အတွက် မျိုးဆက်သစ်ကျန်းမာရေးပညာရှင်များ၊ ဝန်ထမ်းများ အနေဖြင့်ထိထိရောက်ရောက် လေ့လာဆွေးနွေးသွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲကြီးသည် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပထမဦးဆုံး ဦးဆောင်ကြီးမှူးကျင်းပခြင်းဖြစ်သည်ဟုသိရပြီး နောင်အနာဂတ်တွင်လည်း အလားတူဘက်စုံ၊ ကဏ္ဍစုံ ပါဝင်သည့် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို ပုံမှန်ကျင်းပပြုလုပ်နိုင်ကြပါစေရန်လည်း ဆန္ဒပြုပြောကြားလိုပါကြောင်း၊ ယခုနှီးနှောဖလှယ်ပွဲကြီးတွင် ဆေးကုသမှုဆိုင်ရာ၊ ခွဲစိတ်ကုသမှု ဆိုင်ရာ၊ သားဖွားမီးယပ်နှင့်ကလေးရောဂါများကုသမှုဆိုင်ရာ၊ အရိုး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများနှင့် ပတ်သက်သည့်ကုသမှုများ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများ၊ ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ပြည်တွင်း/ပြည်ပမှ ပညာရှင်ဆရာဝန်ကြီးများက မိမိတို့သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ဆေးပညာရှင်များကလည်း သိလိုသည်များကို အပြန်အလှန်ဆွေးနွေးမေးမြန်းသွားကြမည် ဖြစ်သည့်အတွက် တက်ရောက်လာ သူများအားလုံး အသိပညာဗဟုသုတများ များစွာတိုးပွားစေမည့်အပြင် မိမိတို့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင်လည်း ယခုနှီးနှောဖလှယ်ပွဲကြီးမှရရှိသည့် အတွေ့အကြုံဗဟုသုတကောင်းများကို ကောင်းစွာအသုံးချ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည့် အဆင့်မြင့်ကုသရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်မွေး ထုတ်နေမှုများ၊ အဆင့်မြင့်ဆေးသုတေသနဆိုင်ရာ စွမ်းဆောင်မှုများ၊ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုကဏ္ဍများ မြှင့်တင်ဆောင်ရွက်နေမှုများစသည့် ပြည်သူ လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သိရှိလာစေမည်ဖြစ်ပါကြောင်း၊ ထို့ပြင်ပြည်သူများ၏ မျှော်မှန်းသက်တမ်းမြင့်မားလာပြီး ပြည်သူများအနေဖြင့်မိမိတို့၏ ကိုယ်ပိုင်ငွေကြေးမှ စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျစရိတ်များ သက်သက်သာသာဖြင့် အားလုံးလက်လှမ်းမီသည့် အရည်အသွေးပြည့်ဝသောကျန်းမာရေး စောင့်ရှောက်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေး ဆောင်ရွက်နေမှု များကို ပိုမိုပြီးသတိပြုသိရှိစေမည်ဖြစ်ပါကြောင်း။
ထိုသို့သိရှိနိုင်စေရေးအတွက် နှီးနှောဖလှယ်ပွဲကြီး၏ အကြိုလှုပ်ရှားမှုများအဖြစ် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သော မျက်စိရောဂါများကိုခွဲစိတ်ကုသပေးခြင်း၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲနေသူများကို ခွဲစိတ်ကုသပေးခြင်း၊ ကျောင်းသား/ကျောင်းသူများကို မျက်စိရောဂါနှင့်မျက်မှန်တပ်ဆင်ရန်လိုအပ်မှု ရှိ/မရှိ အမြင်အာရုံစမ်းသပ် စစ်ဆေးပေးခြင်းများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သက်ဆိုင်ရာဒေသခံပြည်သူများ၏ ကျန်းမာရေးအတွက် ထိရောက်စွာဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း အသိအမှတ်ပြုပြောကြားလိုပါကြောင်း။
ယနေ့ကျင်းပသည့် ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးမှရရှိသည့် ပညာရပ်ဆိုင်ရာအတွေ့အကြုံ၊ ဗဟုသုတများ၊ နည်းပညာသစ်များကို သေချာစွာဆန်းစစ်လေ့လာပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်မြင့်မားလာစေရန်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဆက်စပ် ဝန်ကြီးဌာနများတွင်ရှိသည့် ကျန်းမာရေးနှင့် ဆေးဘက် ဆိုင်ရာ ပညာရှင်များ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှ ကျန်းမာရေးပညာရှင်များစသည့် ကျန်းမာရေးကဏ္ဍဆိုင်ရာပညာရှင်အားလုံး အတူတကွပူးပေါင်း ဆောင်ရွက် ကြခြင်းဖြင့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးကြရန်မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားပြည်သူအပေါင်း၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်း မြင့်မားလာပြီး လူတိုင်းသက်တမ်းစေ့နေနိုင်ရေး၊ လူတိုင်းရောဂါဘယကင်းရှင်းစေရေး စသည့်ရည်မှန်းချက်များပြည့်မီစေရန်နှင့် ပြည်သူများ၏ ကိုယ်ပိုင်ငွေကြေးထဲမှ စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျမှုသက်သာစေပြီး အားလုံးလက်လှမ်းမီ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေးတို့အတွက် စိတ်ကောင်းစေတနာ၊ မွန်မြတ်စိတ်ထားမေတ္တာတရားအပြည့်ဖြင့် ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်မှတ်တမ်း (Documentary Video Clip)ကို ပြသသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျန်းမာရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဆေးပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘာသာရပ် Society အစုံပါဝင်သည့် ပြခန်းများနှင့် ဆေးနှင့်ဆေးပစ္စည်း၊ ခေတ်မီစက်ကိရိယာများနှင့် ဆေးဝါးများ၊ ကျန်းမာရေးပညာပေး အစီအစဉ်များ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ စာအုပ်စာစောင်များ၊ သက်ဆိုင်ရာဦးစီးဌာနများ၏ စွမ်းဆောင်နိုင်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများကို စိတ်ပါဝင်စားစွာဖြင့်လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုများမေးမြန်းဆွေးနွေးပြီး လိုအပ်သည်များအကြံပြုပြောကြားခဲ့သည်။
ယခုနှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးနှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီးမှ ဆေးနှင့်ဆေးနှီးနွှယ်ပညာရှင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးအောက်ရှိ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှဆေးပညာရှင်များ၊ အငြိမ်းစားကျန်းမာရေးပညာရှင်များ၊ အငြိမ်းစားတပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ပြင်ပဆရာဝန်များသာမက အာရှနှင့် အရှေ့တောင်အာရှဒေသတွင်းမှ ဆေးပညာရှင်များတက်ရောက်ဟောပြော ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။