၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်တို့အတွက် သုံးနှစ်စာစုပေါင်းကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို မတ် ၁၀ ရက်က ရန်ကုန်မြို့ ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က အမှာစကားပြောကြားရာတွင် “မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခြင်းထက် မြန်မာ့ရုပ်ရှင်လောကကြီးစင်မြင့်ပေါ် ပြန်လည်ရောက်ရှိရန် အရေးကြီးကြောင်း၊ ရုပ်ရှင်လောကကြီးပြန်လည်အသက်ဝင်လှုပ်ရှားရန် အချိန်အခါရောက်ပြီဖြစ်ကြောင်း။” ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပေါ်ထွက်လာခဲ့သောကိုဗစ်-၁၉ ကပ်ရောဂါက လူသားတို့၏ အသက်နှင့်ခန္ဓာ ကျန်းမာရေးကိုသာမကအခြားသော ကဏ္ဍများစွာတို့တွင်ပါ ထိခိုက်ဆုံးရှုံးမှုများဖြစ် ပေါ်စေခဲ့ရာတွင် ကမ္ဘာတစ်ခွင်မှ ရုပ်ရှင်လုပ်ငန်းများလည်း ပါဝင်သည်။ ကိုဗစ် - ၁၉ ကို အကြောင်းပြု၍ ရုပ်ရှင်ရိုက်ကူးခြင်း၊ ထုတ်လုပ်ခြင်း၊ ပြသခြင်းလုပ်ငန်းများ ရပ်နားခဲ့ရသည့်အတွက် ရုပ်ရှင် လုပ်ငန်း (Film Industry) တွင် တနွယ်ငင် တစင်ပါသူများအားလုံး ထိခိုက်ခံစားကြရသည်။ ကိုဗစ်-၁၉ ကာလမတိုင်မီ မြန်မာ့ ရုပ်ရှင်သည်သွေးသစ်လောင်း တစ်ခေတ်ဆန်းပြောင်းလဲမည့် အရိပ် အဆင်များ ဖြစ်ပေါ်နေခဲ့သည်ကို တွေ့မြင်ခဲ့ကြရပြီး မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့လာခြင်းနှင့် နိုင်ငံရေးအခြေအနေ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ခြင်းတို့က မြန်မာ့ရုပ်ရှင်လောကကို “မိအေးနှစ်ခါနာ”ရသည့်အဖြစ်မျိုး နှင့် တွေ့ကြုံစေခဲ့သည်။
ရုပ်ရှင်၊ သဘင်၊ ဂီတတို့ကို ပါဝါအပျော့ (Soft Power) အဖြစ် ရည်ညွှန်းရာတွင် ရုပ်ရှင်က အစွမ်းအထက်ဆုံး ဖြစ်သည်။ ရုပ်ရှင်အနုပညာ၊ အတတ်ပညာသည် လူသားတို့အတွက် စိတ်အပန်းပြေ စေခြင်းနှင့် တစ်ပြိုင်တည်းမှာပင် ဩဇာလွှမ်းမိုးနိုင်သည့် အစွမ်းသတ္တိလည်းရှိသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတို့က ၎င်းတို့၏ကုန်ပစ္စည်းများ၊ ကုန်အမှတ်တံဆိပ်များ၊ ၎င်းတို့ထုတ်လုပ်သည့် လက်နက်များ၊ ၎င်းတို့၏အတွေးအခေါ် အယူအဆများ၊ ဝါဒသဘောတရားများ၊ ၎င်းတို့၏ယဉ်ကျေးမှုများ စသည်တို့ကို အခြားကမ္ဘာ့နိုင်ငံများက သိလာအောင်၊ ယဉ်ပါးလာအောင်၊ လက်ခံလာအောင် ရုပ်ရှင် ကို ကောင်းစွာအသုံးချကြသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ရုပ်ရှင်အများဆုံးထုတ်လုပ်သော အိန္ဒိယနိုင်ငံ၏ Film Industry မှာ ဘောလိဝုဒ်ဟု တင်စား ခေါ်ဝေါ်ကြရသည်။ နိုင်ငံခြားငွေအမြောက်အမြားရှာဖွေပေးနိုင်သော လုပ်ငန်းဖြစ်သည့်အပြင် ၎င်းတို့၏ပြည်တွင်း၌လည်း လူမှုပြုပြင်ပြောင်းလဲရေး၊ အသိပညာပေးရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်မြင့်မားရေးတို့အတွက် ပါဝါအပျော့နည်းလမ်းများဖြင့် ဆောင်ရွက်နေသည်ကို အိန္ဒိယရုပ်ရှင်ကားများ၌ တွေ့မြင်နိုင်သည်။
ဇာတိသွေးဇာတိမာန်နှင့် တီထွင်ကြံဆမှုတို့ဖြင့် စတင်မွေးဖွားလာခဲ့သည့် မြန်မာ့ရုပ်ရှင်၏ သက်တမ်းမှာနှစ်ပေါင်း ၁၀၀ ကျော်လွန်လာခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောကကြီး စင်မြင့်ပေါ်သို့ ပြန်လည် ရောက်ရှိလာရန်အတွက် ရုပ်ရှင်လောကသားတို့အနေဖြင့် မြန်မာ့ရုပ်ရှင်၏အစတွင်မျိုးစေ့ချခဲ့သည့် မြန်မာဟူသောစိတ်ဓာတ်နှင့် ထိုးထွင်းတီထွင်ကြံဆမှုတို့ကိုမပျောက်မပျက် ဆက်လက် သယ်ဆောင်နိုင်ကြရန်၊ ပြည်တွင်းအတွက်သာမက နိုင်ငံတကာဈေးကွက်သို့ပါတင်ပို့ နိုင်ရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံ၊ ပိုမိုထုတ်လုပ်ရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ရုပ်ရှင်လောကကြီး ပြန်လည် သက်ဝင်လှုပ်ရှား လာရေးအတွက်ရုပ်ရှင်လောကသားအားလုံးက မှန်ကန်သောအတွေးအခေါ်၊ စည်းလုံးညီညွတ်သောအင်အားတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်း အပ်ပါကြောင်း။ ။