Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မုံရွာမြို့ပေါ်ရှိစာသင်တိုက်များမှ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မတ် ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိစာသင်တိုက်များမှ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်မုံရွာမြို့ရှိ ရန်ကင်းကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တသူရိယနှင့် ရန်ကင်းကျောင်းတိုက်ဆရာတော် ဒွိပိဋကဒရဒွိပိဋကကောဝိဒ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာဝံသတို့အမှူးပြုသည့် မုံရွာမြို့ပေါ်ရှိ စာသင်တိုက် ၇ တိုက်တို့မှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရန်ကင်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ဆရာတော်၊ ရန်ကင်းကျောင်းတိုက်ဆရာတော်နှင့် ဓမ္မပါရဂူကျောင်းတိုက်ဆရာတော်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ ဆန်၊ ဆီ၊ ဆားနှင့်ပဲများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက ရန်ကင်းကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်အမျှပေးဝေကြပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော်ကြီးများထံသို့ သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာများကို တင်ပြလျှောက်ထားကာ ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူသည်။

ယနေ့ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိစာသင်တိုက်များမှ သံဃာတော် ၇၉၁ ပါးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားတွင် လှူဒါန်းမှုစုစုပေါင်းအနေဖြင့် ဆန် ၁၈၁ အိတ်၊ ဆီ ၃၂၆ ပိဿာ၊ ဆား ၂၇၂ ပိဿာ၊ ပဲ ၃၂၆ ပိဿာ၊ ကြာဇံ ၁၆၃ ပိဿာနှင့် နဝကမ္မအလှူငွေအနေဖြင့် စာသင်တိုက်တစ်တိုက်လျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် ငွေကျပ် ၃၅၀ သိန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။