Skip to main content

ဖွံ့ဖြိုးတိုးတက်မှုအတွက် မြစ်တစ်စင်း၏ မိသားစု

မဲခေါင်မြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားပြီး အာရှတွင် တတိယမြောက်၊ ကမ္ဘာတွင် ၁၂ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်သည်။ မဲခေါင်မြစ်၏ မြစ်ဖျားခံရာဒေသသည် တရုတ်နိုင်ငံရှိ တိဗက် ကုန်းမြင့်ဒေသဖြစ်ပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘော ဒီးယားနှင့်  ဗီယက်နမ်နိုင်ငံတို့ကို  ဖြတ်သန်းစီးဆင်းသည်။ မဲခေါင်မြစ်၏ မြစ်ညာပိုင်းထက်ဝက်သည် တရုတ်နိုင်ငံအတွင်း တည်ရှိပြီး “လန်ချန်း”ဟု ခေါ်ဆိုကာ မြစ်အောက်ပိုင်း ထက်ဝက် ဖြတ်သန်းစီးဆင်းနေသော   မြန်မာအပါအဝင်နိုင်ငံများက “မဲခေါင်”ဟု  ခေါ်ဆိုကြခြင်းဖြစ်သည့်အတွက် လန်ချန်းသည် မဲခေါင်၊ မဲခေါင်သည် လန်ချန်းပင်ဖြစ်သည်။

မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ နိုင်ငံများအားလုံးသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရေမြေချင်း ဆက်စပ်လျက် နီးနီးကပ်ကပ် ဆက်နွှယ်နေကြပြီး သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ များအရ၊ အမျိုးသားစရိုက်လက္ခဏာများအရလည်း နီးစပ်တူညီ ကြသည့်အတွက် မဲခေါင်မိသား စုနိုင်ငံများအဖြစ် တင်စားနိုင် သည်။ သို့ရာတွင် မဲခေါင်နိုင်ငံများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကြုံတွေ့ ခဲ့ရသည့် သမိုင်းကြောင်းဖြစ်စဉ်များ မတူညီကြသလို ဖြစ်ပေါ် တိုးတက်မှုများလည်း ကွာခြားခဲ့ကြသည့်အလျောက် နိုင်ငံများ အကြား ဖွံ့ဖြိုးတိုးတက်မှုတို့ ဆူကြုံနိမ့်မြင့် ကွာဟသွား ခဲ့ကြရသည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ နေပြည်တော် တွင် ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ - တရုတ်ထိပ်သီး အစည်းအဝေးတွင် မဲခေါင်ဒေသတွင်းနိုင်ငံ များအကြား ဖွံ့ဖြိုး တိုးတက်မှုကွာ ဟနေခြင်းကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်အတွက်  ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ထိုင်းနိုင်ငံက ဆွေးနွေးခဲ့ပြီး မဲခေါင်ဒေသခွဲ နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ် ထူထောင်ရန်  တရုတ်နိုင်ငံက အဆိုပြုခဲ့ရာမှ  “မဲခေါင် - လန်ချန်း  ပူးပေါင်း ဆောင်ရွက်မှု” (Mekong - Lancang Cooperation - MLC) စတင်ပေါ်ပေါက် လာခဲ့သည်။

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု(MLC)နှင့် စပ်လျဉ်း ၍ တရုတ်နိုင်ငံမှ ထုတ်ပြန်သည့် တရားဝင်စာရွက်စာတမ်းများ တွင် “လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (Lancang - Mekong Cooperation - LMC) ဟူ၍ သုံးနှုန်းပြီး ကျန်မဲခေါင် နိုင်ငံများက (Mekong - Lancang Cooperation - MLC)ဟူ၍ တရားဝင်သုံးနှုန်းကြခြင်းမှာ ထူးခြားချက်တစ်ခုဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုတွင် ပါဝင်ကြသည့် နိုင်ငံများကြား အပြန်အလှန် နားလည်လိုက်လျောမှု၊ သဘော ထားကြီးမှု၊ ယုံကြည်လေးစားမှု တို့၏ သာဓကအဖြစ် တွေ့မြင်နိုင်သည်။  မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်ကို (၁) နိုင်ငံရေးနှင့် လုံခြုံရေး မဏ္ဍိုင်၊ (၂) စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင်၊ (၃) လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန် အလှန် ထိတွေ့ဆက်ဆံရေး မဏ္ဍိုင်ဟူသော မဏ္ဍိုင် (၃)ရပ်နှင့် ပူးပေါင်းဆောင် ရွက်မှုကဏ္ဍ (၅)ခုဖြစ်သည့် ပေါင်းစည်းဆက်နွှယ် မှု၊  ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး  ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ် ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်း အမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု  လျှော့ချရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဖွဲ့စည်းထားသည်။ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အတွက် အဓိက ရန်ပုံငွေထောက်ပံ့ပေးသူမှာ တရုတ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ခုနစ်နှစ်တာကာ လအတွင်း စီမံကိန်းများစွာ အကောင် အထည်ဖော်နိုင်ခဲ့ကာ  နိုင်ငံနှင့် ပြည်သူများအတွက်  အကျိုး ဖြစ်ထွန်းစေခဲ့သည်။

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံတွင် စတင်သန္ဓေတည်ခဲ့ပြီး မြန်မာနိုင်ငံက တက်ကြွစွာပါဝင် ဆောင်ရွက်နေသကဲ့သို့   မြန်မာနိုင်ငံအတွက်လည်း   များစွာ အကျိုးဖြစ် ထွန်းစေခဲ့သည်။  ‘‘ဖွံ့ဖြိုးတိုးတက်မှုအတွက်  မြစ် တစ်စင်း၏  မိသားစု’’  (A River Family for Regional Development) ဟူသော  ဆောင်ပုဒ်သည်ပင်  ချစ်ခင်ရင်းနှီး နွေးထွေးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုမှတစ်ဆင့် အကျိုးရလဒ် ဖြစ်ထွန်းမှုတို့ကို ‌ဖော်ညွှန်းလျက် ရှိပါကြောင်း။     ။

(မြန်မာ့အလင်းအယ်ဒီတာ့အာဘော်)