မျက်မှောက်ကမ္ဘာတွင် နိုင်ငံကြီးများအကြား အားပြိုင်မှုများက ပြင်းထန်လာနေသည်။ နိုင်ငံတကာရေးရာတွင် နိုင်ငံတိုင်းအဖို့ အမျိုးသားအကျိုးစီးပွားကသာ ပဓာနကျသည်မို့ မိမိတို့၏ ပြည်တွင်းအင်အားကို တည်ဆောက်ကြရသလို မိတ်ဖက်နိုင်ငံများနှင့်လည်း တူရာတူရာစုကြရသည်။ ပထဝီနိုင်ငံရေး ရှုထောင့်အရကြည့်ပါက မိမိတို့မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံးစာရင်းဝင် နိုင်ငံကြီးနှစ်နိုင်ငံ၊ လူဦးရေတိုးနှုန်း မြင့်မားနေသည့် နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေခြင်း၊ ကမ္ဘာ့အင်အား ချိန်ခွင်ညှာ အပြောင်းအလဲတွင် ကမ္ဘာကြီး၏ အားပြိုင်ရာဇုန်အတွင်းကျရောက်နေခြင်း စသည့်ပြင်ပရေးရာများအပြင် ပြည်တွင်း၌ အမျိုးသားစည်းလုံးညီညွတ်မှုလျော့ရဲနေခြင်း၊ ပြည်ပ ပယောဂဝင်နေသည့် ပြည်တွင်းအဖျက် အင်အားစုများက နိုင်ငံကိုအလုံးစုံပျက်သုဉ်းစေမည့် လမ်းကြောင်းပေါ်သို့တွန်းပို့နေခြင်း စသည့်ပြည်တွင်းရေးရာများလည်းရှိနေရာ အချိန်မရွေးနိုင်ငံပြိုကွဲပျက်စီးသွားစေနိုင်သည့် အခြေခံအကြောင်းတရားများရှိပြီးဖြစ်နေသည်။
နိုင်ငံတစ်နိုင်ငံ တည်တံ့ခိုင်မာစေရန်အတွက် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးအင်အားတို့ တောင့်တင်းရန်လိုအပ်သည်။ အစိုးရနှင့်ပြည်သူ စည်းလုံး ညီညွတ်မှု၊ တိုင်းရင်းသား နိုင်ငံသား ပြည်သူများအချင်းချင်း စည်းလုံးညီညွတ်မှုတို့ဖြင့် နိုင်ငံရေးအင်အား ခိုင်မာတောင့်တင်းရန်၊ ပြည်တွင်းရှိ ရေမြေသယံဇာတအရင်းအမြစ်၊ ဓနဉ္ဇစ္စာ အရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်တို့ကို ထိထိရောက်ရောက် အသုံးချခြင်းဖြင့် စီးပွားရေးအင်အား ခိုင်မာတောင့်တင်းရန်၊ တိုက်ပွဲဝင်စွမ်းရည်၊ စွမ်းအားပြည့်ဝသည့် ခေတ်မီတပ်မတော်ကို စဉ်ဆက်မပြတ်တည်ဆောက်၍ ကာကွယ်ရေးအင်အား ခိုင်မာတောင့်တင်းစေရန် ကြိုးပမ်းကြရမည်ဖြစ်ပြီး ဤသည်မှာ နိုင်ငံသားအားလုံး၏ အမျိုးသားရေးတာဝန်ဟူ၍ ခံယူကြရန် ပင်ဖြစ်သည်။
မိမိတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် လျှောက်လှမ်းရာတွင် ပြီးခဲ့သည့် အစိုးရသက်တမ်းနှစ်ခုအတွင်း နိုင်ငံရေး၊ စီးပွားရေး တည်ဆောက်မှုများမှာ အခက်အခဲအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်များရှိသလို အားနည်းချက်များကိုလည်း တွေ့ရှိခဲ့ရသည်။ ဗဟိုဦးစီးစနစ်များဖြင့် ကာလရှည်ကြာနေခဲ့ရသည့် ပြည်သူလူထုအတွင်း ဒီမိုကရေစီအတွေးအမြင်၊ အလေ့အကျင့်နှင့် နိုင်ငံရေးအရ အားနည်းချက်များစွာလည်း ရှိခဲ့သည်။ ယင်းသို့သော အခြေအနေထဲတွင် ပြည်ပနောက်ခံမီဒီယာများ၏ မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်မွှေနှောက်မှုများ၊ တပ်မတော်ကို ပြည်သူလူထုက အထင်အမြင်လွဲမှား မုန်းတီးစေရန် ဖန်တီးမှုများကိုလည်း တွေ့ရှိရသည်။
“တပ်မတော်သည် မှန်ကန်မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာကောင်းသည့် သမိုင်းကြောင်းများကိုလည်း ပိုင်ဆိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အမိနိုင်ငံတော်နှင့် လူမျိုးအပေါ်တွင် မည်သည့်သစ္စာဖောက်မှုမျိုးကိုမဆို မကျူးလွန်ဘဲ သစ္စာစောင့်သိခဲ့သည့် တပ်မတော်ဖြစ်သည်နှင့်အညီ နိုင်ငံနှင့်လူမျိုးပေါ်တွင် အကျိုးအမြတ်ရယူရန်မကြိုးပမ်းဘဲ ပေးဆပ်ရေးကိုသာအစဉ်တစိုက် ဦးတည်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ (၇၆) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမိန့်ခွန်းနှင့်အညီ ခေတ်သစ် မြန်မာ့သမိုင်းတစ်လျှောက်ကြီးမားသည့် နိုင်ငံ့အရေးအရာကိစ္စများတွင် တပ်မတော်သည် နိုင်ငံတော်၏ တောင့်တင်းခိုင်မာပြီး တစ်ခုတည်းသော အင်အားတစ်ရပ်အနေဖြင့် နိုင်ငံ့တာဝန်များကို သစ္စာရှိစွာထမ်းရွက်ခဲ့သည်ကို တွေ့ရှိနိုင်ကြောင်း (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုလျက် တပ်မတော်၏ ဒို့တာဝန်အရေး (၃)ပါးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရေး တာဝန်များကို ထမ်းဆောင်ရာတွင် ပြည်သူတစ်ရပ်လုံးကလည်း တစ်တပ်တစ်အားပါဝင်ကြရန် နှိုးဆော်လိုက်ရပါကြောင်း။ ။