နေပြည်တော် မတ် ၂၇
ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော် အရာရှိကြီးများအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
တက်ရောက် ဂါရဝပြုကန်တော့
အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိကြီး ၁၉ ဦးနှင့် ဇနီး ၇ ဦးတို့ ကန်တော့ခံတက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက်ဂါရဝပြု ကန်တော့ကြသည်။
တပ်မတော်၏ အစဉ်အလာ ကောင်းတစ်ခုဖြစ်
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂါရဝပြုစကား ပြောကြားရာတွင် တပ်မတော်၏ အစဉ်အလာနှင့်အညီ မိမိတို့အနေဖြင့် အစဉ်အဆက်တာဝန်များကို ဆက်ခံခဲ့ကြသူများဖြစ်ပြီး အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများသည် မိမိတို့၏ မိဘဆရာများပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်စဉ်နှစ်တိုင်း ယခုအချိန်ကာလတွင် ဂါရဝပြုကန်တော့လျက် ရှိပါကြောင်း၊ ယခုကဲ့သို့ တပ်မတော်နေ့များသို့ နှစ်စဉ်တက်ရောက်ချီးမြှင့်ပေး သည့်အတွက်လည်း ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ ယခုကဲ့သို့ အထက်အောက်ရိုသေ လေးစားမှုဖြင့် ကျေးဇူးတရားကိုသိရှိစွာ ဂါရဝပြုကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာ ကောင်းတစ်ခုပင် ဖြစ်ပါကြောင်း ပြောကြားသည်။
မြန်မာ့ရိုးရာထုံးတမ်း အစဉ်အလာနှင့်အညီ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများနှင့်ဇနီးများက တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီးများအား မြန်မာ့ရိုးရာထုံးတမ်း အစဉ်အလာနှင့်အညီ ရိုသေစွာဖြင့် ဂါရဝပြုကန်တော့ကြသည်။
ရိုသေစွာ ဂါရဝပြုပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများက အငြိမ်းစားတပ်မတော်အရာရှိကြီးများထံ ဂါရဝပြု လက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရိုသေစွာ ဂါရဝပြုပေးအပ်ကြသည်။
ဩဝါဒစကားများ ပြန်လည်ပြောကြား
ဆက်လက်၍ ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်တို့က ဩဝါဒစကားများ ပြန်လည်ပြောကြား ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများသည် အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဇနီးများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနား တက်ရောက်လာကြသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်