ကမ္ဘာတစ်ခွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်နေစဉ်ကာလ ကမ္ဘာ့နိုင်ငံများစွာတို့တွင် တံခါးပိတ်စနစ်ကို ကျင့်သုံး၍ လူများလှုပ်ရှားသွားလာမှုကို ကန့်သတ်ခဲ့ကြရသည်။ အဆိုပါ အစီအစဉ်သည် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်ဖြစ်သော်လည်း အခြားတစ်ဖက်တွင် သဘာဝပတ်ဝန်းကျင်အပေါ်၌လည်း အကျိုးသက်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ အဓိကအကျိုးသက်ရောက်မှုမှာ လူများငြိမ်သက်သွားခြင်းကြောင့် သဘာဝတရားကြီးက သန့်ရှင်းကြည်လင်စွာ နိုးထလာခဲ့ခြင်းပင်ဖြစ်သည်။
မျက်မှောက်ကာလ ကမ္ဘာပေါ်ရှိ ရေထု၊ မြေထု၊ လေထုညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ယွင်းမှု၊ ဂေဟစနစ်များပျက်စီးမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ပြုန်းတီးမှုတို့အားလုံး၏လက်သည်မှာ လူပင်ဖြစ်သည်။ သို့ရာတွင် လူ့ပယောဂကြောင့်ဖြစ်ပေါ်လာသည့် ညစ်ညမ်းမှု၊ ပျက်စီးပြုန်းတီးမှုတို့၏ ဆိုးကျိုးများကို ပြန်၍ခံစားကြရမည့်သူများမှာလည်း လူသားများပင်ဖြစ်သည်။ မိမိတို့မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော အိန္ဒိယနိုင်ငံတွင် ဂင်္ဂါမြစ်သည် နိုင်ငံ၏အဓိကမြစ်ကြီးဖြစ်ပြီး လွန်ခဲ့သော ရာစုနှစ်ဝက်ခန့်ကမြစ်ရေကို သောက်သုံး၍ရခဲ့သည်။ ထိုစဉ်က ဂင်္ဂါမြစ်ရေသည် မြစ်ကြမ်းပြင်သို့ပင် မြင်နိုင်သည်အထိ ကြည်လင်နေခဲ့ပြီး မြစ်ကြောင်းတစ်လျှောက် မြို့ရွာများမှ လူသန်းပေါင်း ၄၀၀ ခန့်က သောက်သုံးရေအတွက် မြစ်ကိုအမှီပြုခဲ့ကြရသည် ဟုဆိုသည်။
သို့ရာတွင် မြို့ရွာများဖွံ့ဖြိုးတိုးတက်လာခြင်း၊ စက်မှုလုပ်ငန်းများထွန်းကားလာခြင်း၊ လူနေထူထပ်များပြားလာခြင်းတို့၏ အကျိုးဆက်အဖြစ် ဂင်္ဂါမြစ်ရေမှာ ညစ်ညမ်းလာခဲ့သည်။ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဈာပနအခမ်းအနားများကို မြစ်ကမ်းပါးတွင်ကျင်းပ၍ မြစ်အတွင်းသင်္ဂြိုဟ်ခဲ့ကြပြီး ရာနှင့်ချီသောမြို့များမှ မိလ္လာနှင့်ရေဆိုးများ၊ စက်မှု၊ လက်မှုလုပ်ငန်းများစွာတို့မှ ဓာတုအညစ်အကြေးများ၊ စွန့်ပစ်အမှိုက်များ တန်ချိန်ပေါင်းများစွာတို့ကို ဂင်္ဂါမြစ်အတွင်းသို့ စီးဝင်စေခဲ့၊ စွန့်ပစ်ခဲ့ကြသည်။ တစ်ချိန်ကမြစ်ကြီးကို မိခင်နှင့်တင်စားကာ ‘ဂင်္ဂါမာတာ’ဟူ၍ အလေးအမြတ်ပြုခဲ့ကြသော်လည်း စည်းကမ်းမဲ့လာသည့်အခါတွင် မြစ်ရေမှာညစ်ညမ်းလာခဲ့ပြီး သောက်သုံး၍မရနိုင်တော့။ မြစ်အတွင်းမှ ဖမ်းမိသည့် ငါးများသည်ပင်စားသုံးရန် အန္တရာယ်ရှိသည့်အဆင့်သို့ ရောက်ရှိလာသည်။ စွန့်ပစ်အမှိုက်များကြောင့် လွန်စွာအရုပ်ဆိုး အကျည်းတန်နေသည့် မြစ်ကြီးသည် ကမ္ဘာလှည့်ခရီးသွားတို့ကို ဆွဲဆောင်သည်ထက် အမျိုးသားဂုဏ်သိက္ခာအတွက် ရှက်ဖွယ်ရာအခြေအနေသို့ ရောက်ခဲ့ရကြောင်း မီဒီယာများကဖော်ပြခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၏ အဆိုပါအတွေ့အကြုံသည် မိမိတို့နိုင်ငံအဖို့လည်း သင်ခန်းစာယူဖွယ်ရာဖြစ်သည်။
မိမိတို့နိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်ဟူသော အဓိကမြစ်ကြီး(၄)သွယ်နှင့်အတူ အဖိုးတန်ရေအရင်းအမြစ်ဖြစ်သည့် မြစ်၊ ချောင်းများစွာတို့တည်ရှိနေရာ နိုင်ငံသူနိုင်ငံသားတိုင်းက အလေးအနက်တန်ဖိုးထားကြရန်လိုသည်။ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ (၁/၂၀၂၃)အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက ‘‘ရေချိုအရင်း အမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးနေစေရန်၊ ရေဝေရေလဲဒေသ သစ်တောများထိန်းသိမ်းရန်နှင့် ရေထုညစ်ညမ်းမှုမရှိစေရေးတို့ကိုလည်း ထိရောက်စွာဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း’’ ထည့်သွင်းမှာကြားခဲ့ရာ နိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားအားလုံးတို့အတွက် မရှိမဖြစ်သော ရေချိုအရင်းအမြစ်များကို သန့်ရှင်းစင်ကြယ်စွာဖြင့် အနာဂတ်ကာလများသို့တိုင် ထာဝရတည်တံ့စေရေး လူတိုင်းကိုယ်စီ အသိတရားဖြင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်