နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်စတင်ထမ်းဆောင်ချိန်တွင် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာကာ တိုင်းပြည်ဖျက်ဆီးရေးကို လုပ်ကိုင်လာကြသည်။ အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများ၊ စစ်ရေးမဟုတ်သည့် အခြားသောနေရာများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ နိုင်ငံရေးကိုအကြောင်းပြ၍ တိုင်းပြည်အလုံးစုံပျက်စီးရေးကို ဖန်တီးနေခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်ထမ်းဆောင်နေချိန်ကာလအတွင်း အကြမ်းဖက်အဖျက်သမားများကို ထိရောက်စွာနှိမ်နင်းနိုင်ခဲ့ပြီး အကြမ်းဖက်အဖျက်သမားများလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံပိုင်၊ အများပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ဖွဲ့စည်းခဲ့သည့် NUG မှပေါက်ဖွားလာသော PDF အပါအဝင် အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့ကိုကူညီနေသည့် အချို့သော EAO များ၏ နိုင်ငံတော်အပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုများဖြစ်သည်။ ဒီမိုကရေစီစနစ်ကို နှစ်သက်ကျင့်သုံးမည်ဆိုပါက ဒီမိုကရေစီနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းဖြေရှင်းရမည်ဖြစ်သည်။
အကြမ်းဖက်တိုက်ခိုက်မှုများကို မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရကမျှ သည်းခံခွင့်လွှတ်မည်မဟုတ်သည့်အပြင် ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့် လုပ်ဆောင်မှုမှန်သမျှကို လက်ခံမည်မဟုတ်ပေ။ ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့် မည်သို့မျှမရနိုင်ပေ။ မြန်မာနိုင်ငံတွင် အကြမ်းဖက်အဖျက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများသည် အစိုးရတစ်ရပ်အတွက် နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်၏ရှေ့ဆက်လျှောက်လှမ်းမည့် အမျိုးသားအကျိုးစီးပွားများ နစ်နာဆုံးရှုံးမှုဖြစ်သည်ကို ပြည်သူများအနေဖြင့် နားလည်သဘောပေါက်နေကြပြီဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။
တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးခဲ့သည့် အစဉ်အလာကောင်းများရှိသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ“နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်”ဆိုသည့် အချက်ပါအတိုင်း ကျေပွန်စွာဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ယနေ့ထက်တိုင် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်နေသည့် NUG မှပေါက်ဖွားလာသည့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့ကို ကူညီနေသည့်အချို့သော EAO တို့ကို ပြတ်ပြတ်သားသား ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်အဖျက်သမားများကို စဉ်ဆက်မပြတ် ရှင်းလင်းဖယ်ရှားလျက်ရှိရာ ယခုအခါအကြမ်းဖက်အဖွဲ့များ ချုပ်ငြိမ်းလျက်ရှိပြီး အချို့သောနေရာဒေသတို့၌သာ အကြမ်းဖက်သမားတို့က အလစ်အငိုက်လုပ်ဆောင်လျက်ရှိသည်။ မကြာသေးမီရက်ပိုင်းက မော်လမြိုင်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ ဖြန့်ဖြူးပေးလျက်ရှိသည့် သထုံ-မော်လမြိုင် ဓာတ်အားလိုင်းမှ တာဝါတိုင်နှစ်တိုင်ကို အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့သောကြောင့် အများပြည်သူတို့သုံးစွဲရမည့် ဓာတ်အားများလျော့နည်းခဲ့ရသည်။ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို နှစ်နှစ်တာကာလအတွင်း ၂၂၇ ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ရာ ပြည်သူများအခက်အခဲဖြစ်ခဲ့ရသည်ကို တွေ့ရမည်ဖြစ်သည်။
မတ်လ ၃၀ ရက်နေ့က ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရကားမိုင်း နင်းမိပေါက်ကွဲသဖြင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။ ဧပြီလ ၁ ရက်နေ့က ရန်ကုန်-ကော့သောင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်ကို အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်သဖြင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး သံဃာတော်နှစ်ပါးနှင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မတ်လ ၂၉ ရက်နေ့က စစ်ကိုင်းမြို့နယ်အတွင်းရှိ ကြက်သွန်စိုက်ခင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေအပြစ်မဲ့ပြည်သူနှစ်ဦး ဗုံးထိမှန်ဒဏ်ရာရရှိခဲ့သည်။ မတ်လ ၃၁ ရက်နေ့က ဖြူးမြို့နယ်ရှိ ချောင်းကူးတံတားနှစ်စင်းကို အကြမ်းဖက်သမားများက မိုင်းထောင်ဖျက်ဆီးခဲ့သည်။ အလားတူ မြင်းခြံ-နွားထိုးကြီးကားလမ်း၌ အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်နှင့်ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် အကြမ်းဖက်သမားများကို ရှင်းလင်းဖယ်ရှားပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်