ရန်ကုန် ဇန်နဝါရီ ၁၀
ဂျပန်သံရုံးနှင့် ဂျပန်ဖောင်ဒေးရှင်းတို့မှ ကြီးမှူးကျင်းပသည့် ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၉ - ၂၀၂၀ ကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရူယားမားနှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်တို့ တက်ရောက်ပြီး “Masquerade Hotel” ဂျပန်ရုပ်ရှင်ဇာတ်ကားဖြင့် ဖွင့်လှစ်ပြသသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဂျပန် သံအမတ်ကြီး မစ္စတာ အိချီရို မာရူယားမား က ယနေ့ ဂျပန်ရုပ်ရှင် ပွဲတော်သည် ဂျပန်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ ခိုင်မြဲမှုနှင့် ဂျပန် ရုပ်ရှင် များမှ တစ်ဆင့် ဂျပန်လူမျိုးများနှင့် ပိုမို နီးကပ်ရင်းနှီးလာစေရန်၊ ဂျပန်နိုင်ငံ အကြောင်း ပိုမိုသိရှိနားလည်နိုင် စေရန် ဖြစ်ပါကြောင်း၊ ဂျပန်ရုပ်ရှင် ကားကောင်း များ ကို မြန်မာပြည်သူ များ ပရိသတ်များအနေဖြင့် ကြိုက်နှစ်သက်မည် ထင်ပါကြောင်း ပြောကြားသည်။
ဂျပန်ရုပ်ရှင်ပွဲတော်ကို နေပြည်တော်ရုပ်ရှင်ရုံတွင် ဇန်နဝါရီ ၁၀ ရက်မှ ၁၉ ရက်အထိ လည်းကောင်း၊ JCGV ရုပ်ရှင်ရုံ(Junction City)တွင် ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် လည်းကောင်း၊ မင်္ဂလာ (တာမွေ) ရုပ်ရှင်ရုံတွင် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် လည်းကောင်း ဂျပန်ရုပ်ရှင်ကား ၁၀ ကားဖြင့် ပြသ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂျပန်ရုပ်ရှင်ပွဲတော်ကို နေပြည်တော်ရှိ အောင်သပြေရုပ်ရှင်ရုံ ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကျင်းပခဲ့ပြီး ဆက်လက်၍ မန္တလေးမြို့ရှိ ဝင်းလိုက် ရုပ်ရှင်ရုံ တွင် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ကျင်းပရန် ရှိကြောင်း သိရသည်။
ဟန်လင်းအောင်(FDC)