နေပြည်တော် ဧပြီ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် ဥယျာဉ်မှတာဝန်ရှိသူများက အမျိုးသားကန်တော်ကြီးဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများပြုလုပ်ခြင်း၊ ရေလမ်းကြောင်းထိန်းသိမ်းမှု ဆောင်ရွက်ခဲ့ခြင်းကြောင့် ကန်တော်ကြီးအတွင်းသို့ ရေဝင်ပေါက်များ မှရေများ ပြန်လည်စီးဝင်လျက်ရှိသည့် အခြေအနေများ၊ ဥယျာဉ်အတွင်း ဒေသပန်းမျိုးစိုက်ကွက်များထားရှိမှု၊ ဒေသပန်းမျိုးများ သုတေသနစင်တာ တည်ဆောက်၍ ဒေသပန်းမျိုးများကို စမ်းသပ်သုတေ သနပြုလုပ်နေမှု၊ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေဝင်ရောက်မှုနှင့် ရေဝင်ပေါက်များ ပုံမှန်သန့်ရှင်းရေးဆောင်ရွက်နေမှု၊ သင်္ကြန်ကာလအတွင်း ပြည်သူများ လာရောက်အပန်းဖြေမှုနှင့် နှစ်စဉ်ကျင်းပပြုလုပ်သည့် ပန်းပွဲတော်များသို့ ပြည်သူများ အပန်းဖြေလာရောက်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
လိုအပ်ချက်များ လမ်းညွှန်မှာကြား
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မေမြို့ပန်း၊ ဂန္ဓမာပန်း၊ သစ္စာပန်း၊ ဒေလီယာပန်း စသည့်ပန်းများသည် ပြင်ဦးလွင်၏ နာမည်ကျော် လူကြိုက်များသည့် ပန်းများဖြစ်ကြောင်း၊ သဘာဝ အလျောက် ပေါက်ရောက်နေသည့် ၁၂ ရာသီပန်းများ ကိုလည်း ဖွံ့ဖြိုးတိုးတက်ရေး သုတေသနပြုဆောင်ရွက် ကြရန်လိုကြောင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာများကို စနစ်တကျ သုံးစွဲရန်လိုကြောင်း၊ ဒေသမျိုးရင်းများနှင့် ပြင်ဦးလွင်၏ရာသီဥတုနှင့် ကိုက်ညီသည့် နိုင်ငံအတွင်းရှိဒေသများမှ ပန်းမျိုးများစိုက်ပျိုးမှုတိုးတက်စေရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ချယ်ရီပင်များပွင့်လန်းမှု ပိုမိုကောင်းမွန်စေရေး စနစ်တကျသုတေသနပြု ဆောင်ရွက်ရန် လိုကြောင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး ပန်းရနံ့များနှင့် သင်းပျံ့နေမည်ဆိုပါက ပြည်သူများ စိတ်လက်ရွှင်လန်းစွာဖြင့် အပန်းဖြေနိုင်မည်ဖြစ်သဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ မြက်စိုက်ပျိုးရာတွင် လည်း ဘဲစားမြက်များကို ကျွမ်းကျင်သူများနှင့် ဆွေးနွေးညှိနှိုင်းပြီး စနစ်တကျ စိုက်ပျိုးရန်လိုကြောင်း၊ ကန်တော်ကြီးအတွင်းရေဝင်ရောက်မှုများ လျော့နည်းမှုမရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း အကြံပြုပြောကြားပြီး တာဝန်ရှိသူများကို ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ချက်များကို လမ်းညွှန်မှာကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လာရောက်အပန်းဖြေအနားယူနေကြသည့် ပြည်သူ များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
စနစ်တကျ ပြန်လည်စိုက်ပျိုး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများကို အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကန်တော်ကြီးအတွင်းသို့ ပလတ်စတစ်အမှိုက်များ စွန့်ပစ်မှုမရှိစေရေး အမှိုက်ပုံးများ စနစ်တကျထားရှိပေးရန်၊ ပြင်ဦးလွင်မြို့သည် ချယ်ရီမြို့ဖြစ်သည်နှင့်အညီ ချယ်ရီပင်များကို အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း စနစ်တကျ ပြန်လည်စိုက်ပျိုးရန်၊ အလားတူ အပင်ကြီးမျိုးများနှင့် စိန်ပန်းပြာအပင်များကိုလည်း စိုက်ပျိုးရန် မှာကြားသည်။
အမျိုးသားကန်တော်ကြီးအတွင်းသို့ ရေဝင်ရောက်မှုများ နည်းပါးလျက်ရှိခြင်းကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ ရေလမ်းကြောင်းထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါကန်တော်ကြီး အတွင်းသို့ ရေဝင်ပေါက်များမှ ရေများပြန်လည်စီးဝင်လျက်ရှိကြောင်းသည် ယခုနှစ်သည် မြန်မာအတာသင်္ကြန်ကာလအတွင်း အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းသို့ ပြည်သူ ၂၄၉၅၀ ဝင်ရောက်ခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် ပန်းပွဲတော်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၃၁၇၁၁၅ ဦး ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ပွဲကောက် ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။
လိုက်ပါစီးနင်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)အတွင်း အသစ်တည်ဆောက်ထားသည့် Sky Cable Car ကို လိုက်ပါစီးနင်းကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အတွင်း ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြ ပြကွက်များကို ကြည့်ရှုအားပေးကာ အစာကျွေးကြပြီး ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် အပန်းဖြေစခန်းအတွင်း ပန်းခင်းများကို နေရောင်ခြည်စွမ်းအင်သုံး ရေတင်စက်ဖြင့် ရေဖျန်းနေမှုကိုကြည့်ရှုစစ်ဆေးပြီး လာရောက် အပန်းဖြေအနားယူနေကြသည့် ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ပွဲကောက်ရေတံခွန်သည် ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင်ခန်းများ များပြားလာခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအရ အဆင့်မြှင့်တင်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရေတံခွန်အတွင်း ရေသန့်စင်စေရေး သဘာဝရေသန့်စင်စနစ်ကို အသုံးပြုထားသဖြင့် ရေကစားလိုသူများအနေဖြင့်လည်း သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ရေကစားမှုပြုနိုင်မည်ဖြစ်ကာ အပန်းဖြေစခန်းအတွင်း ရေတံခွန် ၃ ခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထား၍ မှန်တံတားအောက်ခြေ ရှုခင်းများကို ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားနိုင်မည်ဖြစ်သည်။ ပန်းမြို့တော်၊ ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လာရောက်လည်ပတ်သူများ စိတ်အပန်းပြေစေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်းအဆင့်မြှင့်တင်ထားရှိသည့်အပြင် ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable Way ကိုလည်း တည်ဆောက်ထားရှိကာ Sky Cable Car များကို စီးနင်း၍ သဘာဝပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုခံစားနိုင်ကြောင်းနှင့် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် လာရောက်လည်ပတ်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်