Skip to main content

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား

(မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့)

(၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

မိဘပြည်သူများနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး မြန်မာ့နှစ်သစ်ကူးအခါသမယမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ-

ယနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်ပြီး နှစ်ဟောင်းမှာကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုပေါင်းများစွာကို “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”ဆိုတဲ့ ခံယူချက်အတိုင်း ပြည်ထောင်စုသားအားလုံး တစ်ဦးကိုတစ်ဦး အားပေးကူညီရိုင်းပင်းပြီး ကျော်လွှားနိုင်ခဲ့ပါတယ်။ လက်ရှိဖြတ်သန်းရမယ့် ၁၃၈၅ ခုနှစ် တစ်နှစ်တာကာလကိုလည်း ယခင်နှစ်ကထက် မလျော့သောညီညွတ်မှု၊ စုစည်းမှု စွမ်းပကားဖြင့် ဖြတ်သန်းနိုင်မည်ဟုလည်း ယုံကြည်ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ကျွန်တော်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကိုဗစ်-၁၉ ရောဂါကို အစိုးရ၊ တပ်မတော်၊ ပြည်သူတို့၏ စုစည်းအားနဲ့ အောင်မြင်စွာဖြေရှင်းခဲ့ပါတယ်။ အနာဂတ်ကာလမှာ နိုင်ငံသားတိုင်း ကျန်းမာရေးအရ ဘေးကင်းလုံခြုံကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်စေရေးနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထကောင်းတွေ ဖန်တီးပေးနိုင်ဖို့ ရေရှည်ရည်မှန်းချက်အနေနဲ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေကျန်းမာပြီး အသက်ရှင်ရပ်တည်နိုင်ရေးအတွက် စားရေရိက္ခာဖူလုံရေးဟာ အရေးကြီးပါတယ်။

စားရေရိက္ခာဖူလုံရေးအတွက် ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အဓိကအသက်မွေးမြူရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်ကာ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကျပ်အတည်းများရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ ပြည်တွင်းအားတွေ စုစည်းမှုကောင်းလာသောကြောင့် ကုန်ထုတ်လုပ်မှုတွေ ကောင်းမွန်လာပါတယ်။ နယ်စပ်ကုန်သွယ်မှုတွေကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်ခြင်းတွေကြောင့် လုပ်ငန်းတွေပြန်လည်လည်ပတ်လာနိုင်ပြီး နိုင်ငံရဲ့စီးပွားရေးဟာ အနုတ်လက္ခဏာမှ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့ပါတယ်။ စီးပွားရေးမြှင့်တင်မှုတွေဆောင်ရွက်ရာမှာ ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အားပေးခြင်းဟာ နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားပေးခြင်းဖြစ်ပါတယ်။ MSME လုပ်ငန်းတွေကို အားပေးဆောင်ရွက်လျက် ရှိပါတယ်။ ထုတ်ကုန်တွေပိုမိုတင်ပို့နိုင်ဖို့ ကျွန်တော် တို့ပြည်သူတွေက ပိုမိုကြိုးပမ်းဆောင်ရွက်ခဲ့ရင် ဒီနှစ်ဟာ ယခင်နှစ်တွေကထက် စီးပွားရေးတိုးတက်မှုအား ပိုကောင်းလာမယ်လို့ ကျွန်တော်အပြည့်အဝ ယုံကြည်ပါတယ်။ မိသားစုတစ်ခုရဲ့အသက်ဟာ မိသားစုစိတ်ဓာတ်ဖြစ်သလို ပြည်ထောင်စုတစ်ခု ရဲ့အသက်ဟာလည်း ပြည်ထောင်စုစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး မှီခိုရှင်သန်ရာ ပြည်ထောင်စုရဲ့အရိပ်အာဝါသကို အသက်သဖွယ် မြတ်နိုးတန်ဖိုးထားပြီး စုပေါင်းဆောင်ရွက်ကြရင် နိုင်ငံ့တိုးတက်မှုအရှိန်အဟုန်ကောင်းတွေဟာ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့သွားလိုတဲ့ ပန်းတိုင်ကို မဖြစ်မနေရောက်ရှိမယ်လို့ ယုံကြည်ပါတယ်။

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရမှာ တိုင်းပြည်ငြိမ်းချမ်းမှုရှိရေးဟာ မဖြစ်မနေလိုအပ်ပါတယ်။ အကြမ်းဖက်မှုဖြစ်စဉ်တွေရှိနေတဲ့ တိုင်းပြည်တွေဟာ တိုးတက်မှုနှောင့်နှေးနေမှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည်ထောင်စုအကျိုးကိုကြည့်ပြီး သမာသမတ်ရှိစွာ၊ ရိုးသားမှုရှိစွာညှိနှိုင်းဆောင်ရွက် ကြိုးပမ်းအားထုတ်မယ်ဆိုရင် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal” ဆိုတဲ့အတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟာ မလွဲမသွေဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။

အလားတူပဲ လူပုဂ္ဂိုလ်တစ်ဦး အောင်မြင်တိုးတက်ဖို့ဆိုတာ အသိပညာ၊ အတတ်ပညာ ကြွယ်ဝမှုပေါ်မှာတည်ပါတယ်။ ဒါဟာ လူတိုင်းအတွက် “ပညာ” တတ်မြောက်မှုလိုအပ်တယ်ဆိုတာဖော်ပြတာပါ။ ဒါကြောင့် ကျောင်းနေအရွယ်တိုင်း အတန်းပညာမြင့်မားရေးကို အမျိုးသားရေးစိတ်ဓာတ်နဲ့ ဆောင်ရွက်ကြခြင်းဖြင့် တိုင်းပြည်သာယာဝပြောမှု အကျိုးရလဒ်ကို ရရှိစေပါလိမ့်မယ်။

မည်သည့်ကိစ္စမဆို လူသာလျှင် အရေးကြီးဆုံးဖြစ်ပါတယ်။ လူသာလျှင် ပဓာနဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ ကိစ္စရပ်တွေအားလုံးမှာ လူပါဝင်ဆောင်ရွက်ရတာဖြစ်ပါတယ်။ လူရဲ့ဦးဆောင်မှု၊ လူရဲ့လိုက်နာဆောင်ရွက်မှု၊ လူရဲ့ပြုပြင်ဖန်တီးမှုတို့ဟာ အဓိကကျပါတယ်။ ကျွန်တော်တို့အားလုံး ကျရာကဏ္ဍကနေ မိမိတို့ရဲ့အလုပ်ကို စိတ်ပါလက်ပါ ချစ်မြတ်နိုးစွာ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ရည်မှန်းထားတဲ့ နိုင်ငံရဲ့အောင်မြင်မှုဟာ မလွဲမသွေရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုလို ကျက်သရေမင်္ဂလာရှိတဲ့ ၁၃၈၅ ခုနှစ် နှစ်သစ်ဦး အချိန်ကာလအခါသမယမှာ နှစ်ဟောင်းရဲ့အားနည်းချက်ကို ပြုပြင်၊ အားသာချက်တွေကိုမြှင့်တင်ပြီး နိုင်ငံ့အကျိုးအတွက် ပေးဆပ်သယ်ပိုးဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့အားလုံး စုစည်းညီညွတ်စွာဖြင့် နိုင်ငံ၏ကောင်းရာကောင်းကျိုးကို လက်တွဲညီညီဆောင်ရွက်ကြပါစို့ခင်ဗျား -

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား -