ရာသီအလိုအရ နွေကာလ၌ ပူခြင်းသည်သဘာဝဖြစ်ရိုးဖြစ်စဉ်ဖြစ်၍ အဆန်းတကြယ်မဟုတ်။ သို့ရာတွင် နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီတို့သည် ရာသီဥတုပြောင်းလဲမှုကြောင့် အဆန်းတကြယ်ဖြစ်လာရာ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲနေမှုများကို သတိပြုဖို့လိုမည်ဖြစ်သည်။
ရာသီဥတုသည် ဆယ်စုနှစ်ကာလများအတွင်း သိသာစွာပြောင်းလဲလာသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နွေရာသီကာလကိုကြည့်လျှင် လက်ရှိ၌မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် နေ့အပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များစွာက ထိုဒေသများမှာ ၄၀ ဒီဂရီစင်တီဂရိတ်အောက်တွင်ရှိသည်။ နွေကာလ၌ အပူချိန်မှာ တစ်နှစ်ထက်တစ်နှစ် သိသိသာသာတိုးလာသည်။ အကြောင်းမှာ သစ်တောသစ်ပင်များ အပါအဝင် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ စက်မှု၊ မြို့ပြနှင့် လူမှုစီးပွားဘဝများ ပြောင်းလဲတိုးတက်လာခြင်းတို့ကြောင့်ဖြစ်သည်။ အကျိုးမှာ ရာသီဥတု ပြောင်းလဲမှုများဖြစ်လာပြီး အစွန်းထွက်ဥတုရာသီများ တိုးတက်ဖြစ်ပေါ်လာသည်။
ယခုနွေရာသီကာလတွင် ကမ္ဘာတစ်ဝန်း၌ အပူချိန်ပြင်းထန်မှုများ မြင့်တက်ဖြစ်ပေါ်နေပြီး ဧပြီလ ၁၇ ရက်နေ့က အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရတ်ထရာ ပြည်နယ်၌ နေ့အပူချိန်မြင့်တက်မှုကြောင့် အပူလျှပ်ဝေဒနာဖြင့် လူ ၁၁ ဦးသေဆုံးပြီး ၄၀ ကို ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသပေးနေရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း နေ့အပူချိန်မြင့်တက်မှုကြောင့် ပြည်သူများအပူဒဏ်ကို ပြင်းထန်စွာခံစားနေကြရသည်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူများ အပူလျှပ်ဝေဒနာခံစားရပြီး သေဆုံးသူအချို့လည်းရှိသည်ဟု သိရသည်။ ထို့ကြောင့် အပူချိန်မြင့်တက်လာမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်အသိပေးထုတ်ပြန်လျက်ရှိပြီး ပြည်သူများအနေဖြင့် ကျန်းမာရေးအသိပေးချက်များကို သိရှိလိုက်နာကာ အပူဒဏ်အန္တရာယ်ကို သတိပြုကာကွယ်ကြရမည်ဖြစ်သည်။
နွေရာသီကာလ၌ လူတို့အပူဒဏ်ခံစားကြရသည်မှာ ရှေးကာလများကလည်း ဖြစ်ခဲ့ကြသည်။ ယခုကာလ၌မူ ယခင်ရှေးကာလများကထက် ပိုမို၍ခံစားလာကြရသည်။ ရှေးလူကြီးသူမများက နွေရာသီကာလတွင် အလွန်ပင်ပန်းနွမ်းနယ်သောအလုပ်များကို ရှောင်ရှားကြရန် သတိပေးခဲ့ကြသည်။ ယခုကာလတွင် သက်ကြီးဘိုးဘွားများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါရှိသူ (ဆီးချို၊ သွေးချို၊ နှလုံး၊ သွေးတိုးနှင့် စိတ်ကျန်းမာရေး ချို့ယွင်းသူ) များ၊ ကာယလုပ်သားများ၊ နေပူထဲတွင် အလုပ်လုပ်ရသူများ၊ အားကစားသမားများ၊ အဝလွန်သူများ၊ အရက်စွဲသူများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် အပူဒဏ်အန္တရာယ်ကို အထူးသတိပြုကြရန် လိုအပ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အရိပ်ရ၍အေးမြသောနေရာများတွင်သာ နေထိုင်ကြရန်။ မိမိတို့၏အသားအရေကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် လက်၊ လည်ပင်းနှင့် ပခုံးတို့ကိုပါ လုံခြုံသော အရောင်ဖျော့သည့် ပွပွချောင်ချောင်ချည်ထည်များကိုသာ ဝတ်ဆင်ရန်။ နေ့ခင်းနေ့လယ် အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်းရန်၊ နေကာမျက်မှန်တပ်ဆင်ရန်၊ ရေများများသောက်ရန် လိုအပ်သည်။ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့်တိုက်ရိုက် ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ရန်၊ ပူပြင်းသည့်နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို တတ်နိုင်သမျှရှောင်ကြဉ်ရန်။ နေပူထဲမှပြန်လာလျှင် ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ရန်။ ပူပြင်းသော နေရောင်အောက်မှ အလွန်အေးသောအခန်းတွင်းနှင့် လေအေးပေးထားသော ကားအတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း၊ အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသောနေရောင်ထဲသို့ ချက်ချင်းထွက်ခြင်း၊ အရက်သောက်စားခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။
အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ လူတို့တွင်သာမက တိရစ္ဆာန်များကိုပါ သတိပြုကာကွယ်ပေးရန်လိုအပ်သည်။ အပူချိန်ပြင်းထန်မှုသည် လေထု၊ မြေထု၊ ရေထုအားလုံးကို ရိုက်ခတ်သည်။ အပူချိန်ပြင်းထန်မှုကြောင့် မြစ်ချောင်းအင်းအိုင်များတွင် ရေများခန်းခြောက်လာပြီး အောက်ဆီဂျင်များ လျော့နည်းလာတတ်သည်။ ရေထု၊ လေထုတို့ညစ်ညမ်းမှုဖြစ်ပေါ်လာပြီး မွေးမြူရေးတိရစ္ဆာန်၊ သဘာဝတိရစ္ဆာန်များ အသက်ရှင်သန်ရပ်တည်နိုင်ရေး အခက်အခဲများရှိလာသည်။ ထို့ကြောင့် လူတို့အနေဖြင့် သဘာဝတိရစ္ဆာန်များကို ကယ်တင်စောင့်ရှောက်ကြရန်နှင့် မွေးမြူရေး တိရစ္ဆာန်များအတွက် သက်ဆိုင်ရာက အသိပေးထားသော လိုအပ်သည့်ကြိုတင် ပြင်ဆင်ဆောင်ရွက်မှုများကို ပြုလုပ်ကြရန်လိုအပ်သည်။
သို့ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိရာ ဤနွေကာလ အပူချိန်ပြင်းထန်မှုကို အထူးသတိပြုပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အသိပေးအပ်ပါကြောင်း။ ။