နေပြည်တော် ဧပြီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၅) ကျောင်းသား၊ ကျောင်းသူများကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ငုရွှေဝါခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ပေးနိုင်မည့် ပညာရေးဝန်ထမ်းကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်၊ မေ ၁၀ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကိုပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးပြီး နယ်စပ်ဒေသမှ တိုင်းရင်းသားလူငယ်များကို အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ကို ရည်ရွယ်ချက် ၅ ရပ်ဖြင့် တည်ထောင်ခဲ့ကြောင်း။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ယခုကဲ့သို့ ရည်မှန်းချက်များ သာမကနယ်စပ်ဒေသမှ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဆောင်ရွက်ပေးနိုင်မည့် ဒေသခံတိုင်းရင်းသား ခေါင်းဆောင်ငယ်များ ပေါ်ပေါက်လာရေးရည်မှန်းပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့ရာယခုအခါ သင်တန်းဆင်း စုစုပေါင်း ၁၄၀၅၈ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မောင်တို့မယ်တို့ အားလုံးသည်လည်း မကြာခင်ကာလအတွင်း သင်တန်းဆင်းပြီး နိုင်ငံတော်အတွက် အားထားရမည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သဖြင့် သိသင့်သိထိုက်သည့်အချက်များနှင့် လိုက်နာရမည့်အချက်များကို မှာကြားလိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး လက်ရှိပကတိအခြေအနေများနှင့် ကိုက်ညီသည့်ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကိုချမှတ်ကာ နိုင်ငံတော်အတွက် မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ရသည့် လူမှုစီးပွားအခက်အခဲများ၊ နိုင်ငံရေးကိုအကြောင်းပြုပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားကြသူ ပြည်တွင်းပြည်ပအင်အားစုများ၏ အကြမ်းဖက်နှောင့်ယှက်မှုများစသည့် စိန်ခေါ်မှုအမျိုးမျိုးကိုရင်ဆိုင်ပြီး နိုင်ငံတော်ကိုဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို မူဝါဒများ၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ထို့ပြင် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆိုသည့်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့်လူမှုစီးပွားဘဝများကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်အမျိုးသားရေး လုပ်ငန်းစဉ်(၂)ရပ်အဖြစ် “တိုင်းပြည် သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး”၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်အဖြစ် “စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး” နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” တို့ကို ဦးတည်ချက်ထားပြီး ဆောင်ရွက်လျက်ရှိကြောင်း။
တိုင်းပြည်သာယာဝပြောရေးနှင့်ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးတည်ဆောက်ပြီး စိမ်းလန်းသာယာသည့် ပတ်ဝန်းကျင်ကောင်းများနှင့်အတူ ပြည်သူအများ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်စေရန်နှင့် လူမှုစီးပွားဘဝတိုးတက်ရေးအတွက် ဦးတည်ချက်ထားပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မူလကတည်းကရှိပြီးဖြစ်သည့် မြေ၊ ရေ၊ သဘာဝသယံဇာတစသည့် သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိအသုံးပြုပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ကြိုးပမ်းရာတွင် အခြေကျပြီးဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အရည်သွေးမြှင့်တင်ပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရမှုမှ ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည်အထိ ကြိုးပမ်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ သယံဇာတများကို ထုတ်ယူသုံးစွဲပြီးပါကလည်း သဘာဝပတ်ဝန်းကျင်ကို မူလအတိုင်းနှင့် ထိခိုက်ပျက်စီးမှုမရှိအောင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်မှသာ စဉ်ဆက်မပြတ်သည့် ဖွံ့ဖြိုးတိုးတက်သာယာဝပြောမှုကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ လူမှုစီးပွား ဘဝမြင့်မားရေးအတွက် စားရေရိက္ခာလုံခြုံမှုရှိရေးသည် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခုတွင် လူတိုင်းသန့်ရှင်းသည့် သောက်သုံးရေကို လုံလောက်စွာရရှိသုံးစွဲနိုင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များကို သင့်တင့်သောဈေးနှုန်းနှင့် လွယ်လွယ်ကူကူ လုံလုံလောက်လောက် ဝယ်ယူစားသုံးနိုင်မည်ဆိုပါက စားရေရိက္ခာပြည့်စုံလုံလောက်ပြီး လုံခြုံမှုရှိသည့် နိုင်ငံအဖြစ်မှတ်ယူနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ခေတ်အဆက်ဆက်တွင် ပြည်တွင်းစားရေရိက္ခာဖူလုံမှုရှိခဲ့သည့်အပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးမှ ပိုလျှံသည့်ထွက်ကုန်များကိုလည်း အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများကို တင်ပို့နိုင်ခဲ့သည့်အတွက် အဆိုပါအစဉ်အလာကို ထိန်းသိမ်းမြှင့်တင်ပြီး ပိုမိုတိုးတက်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် အလွန်အရေးကြီးကြောင်း၊ နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် မငြိမ်မသက်မှုများ၊ ဆူပူအကြမ်းဖက်မှုများသည် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် မတရားရယူရန်ကြိုးပမ်းခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ဖြစ်သည်ကို မောင်တို့မယ်တို့အားလုံး အသိပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် တိုင်းပြည်၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံ၏အနာဂတ်ကို ဖော်ဆောင်မည့်ခေါင်းဆောင်များ ရွေးချယ်ခြင်းဖြစ်သဖြင့် အလွန်အရေးကြီးကြောင်း၊ လွတ်လပ်ပြီးတရားမျှတမှသာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်အပေါ်တွင် ယုံကြည်မှုရှိမည်ဖြစ်ပြီး ကောင်းမွန်သည့် နိုင်ငံရေးသမိုင်းကို ပုံဖော်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်မားစေမည်ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူများ ကိုယ်တိုင်ကရွေးချယ်သည့် ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူများကိုယ်စား တာဝန်ယူ၊ တာဝန်ခံပြီး အုပ်ချုပ်သည့် စနစ်ပင်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်ထောင်စုအတွင်း တိုင်းဒေသကြီးများ၊ ပြည်နယ်များတွင် အတူယှဉ်တွဲနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာတွင် လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ဟု ဆိုကြရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား ပြည်သူများ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လုပ်ပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွဲဝေကျင့်သုံးသွားကြရမည်ဖြစ်ကြောင်း။
တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် မိမိတို့၏အခွင့်အရေးများ၊ နစ်နာမှုများ၊ မိမိတို့ဒေသနှင့်ဆိုင်သည့် အရေးအရာများကို လွှတ်တော်များတွင် တရားဝင်ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ ကျယ်ပြန့်စွာ ကိုယ်စားပြုခွင့်ရရှိနိုင်ရေးအတွက် ရွေးကောက်ပွဲစနစ်ကို လက်ရှိကျင့်သုံးနေသည့် ဦးသူအနိုင်ယူ (FPTP)စနစ်အပြင် အချိုးကျကိုယ်စားပြု(PR) စနစ်ကိုလည်း ပေါင်းစပ်ကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း နိုင်ငံသားတစ်ဦးချင်းစီ၏ ဆန္ဒသဘောထားကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ရန်အတွက် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့်မတရားမှုများနှင့် ကင်းဝေးစေရမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရန်၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုမှကင်းဝေးစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
မောင်တို့၊ မယ်တို့အနေဖြင့် ရွေးကောက်ပွဲ၏ အနှစ်သာရများကို ကောင်းစွာနားလည်သဘောပေါက်ပြီး လွတ်လပ်တရားမျှတသည့်၊ ပွင့်လင်းမြင်သာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် ရောက်သည့်နေရာတွင်၊ ကျရာကဏ္ဍမှ ပေးအပ်သည့်တာဝန်များကို တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လည်း မှာကြားလိုကြောင်း။
မောင်တို့၊ မယ်တို့သည် ပညာသင်ကြားရေးတာဝန်ယူရမည့် ဆရာ၊ ဆရာမများဖြစ်သဖြင့် မိမိတို့သင်ကြားပြုစုပျိုးထောင်ပေးရမည့် လူငယ်များကို စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများ သိရှိနားလည်အောင် သင်ကြားပေးကြရန်လိုကြောင်း၊ ထိုသို့သင်ကြားရာတွင် မိမိတို့နိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာများနှင့် ယဉ်ကျေးမှုများကို ထိခိုက်ပျက်စီးမှုမရှိအောင်နှင့် ထိန်းသိမ်းကာကွယ်လိုစိတ်ရှိအောင် သင်ကြားပေးရမည်လည်းဖြစ်ကြောင်း၊ ထို့ပြင်လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများကို စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ၏ သဘောသဘာဝနှင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေကိုသာ သင်ကြားပေးရမည်ဖြစ်ကြောင်း။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဓိကလိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်တို့အနေဖြင့် တာဝန်ယူခဲ့သည့် ကာလအတွင်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ထိုသို့ဖိတ်ခေါ်ရာတွင် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် လက်နက်ကိုင်အဖွဲ့(၃)ဖွဲ စုစုပေါင်း(၁၀)ဖွဲ့တို့က ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနေရာတွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့်ရလဒ်များ ရရှိနေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်ရှိလာခြင်းမရှိသေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများကိုလည်း ကြိုတင်ကန့်သတ်ချက်တစ်ခုမှမထားဘဲ တွေ့ဆုံဆွေးနွေးခြင်းကို အစဉ်အမြဲတံခါးဖွင့်ကြိုဆိုထားသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၂၂ ကြိမ်ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ်ကုန်သည်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို တိုးမြှင့်ပေးထားပြီးဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကိုစွန့်ခွာပြီး တွေ့ဆုံဆွေးနွေးခြင်းက တစ်ဆင့်မှန်ကန်သည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သော NCA အတိုင်း ငြိမ်းချမ်းစွာလျှောက်လှမ်းကြမှသာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မောင်တို့၊ မယ်တို့အနေဖြင့်လည်း မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ်တွင် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်သည် အဓိကဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍကို တိုးတက်အောင် မြှင့်တင်ကြရမည်ဖြစ်သကဲ့သို့ ပညာတတ်များဖြင့်သာ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးပါသည့်အတွက် မိမိတို့တာဝန်ယူနေသည့်ကာလတွင် ပညာရေးမြှင့်တင်မှုများကို အဓိကအလေးထား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြောင်းလဲလာသည့် ခေတ်အခြေအနေအရ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း KG+9 ပြီးသည်အထိ ပညာသင်ကြားနိုင်ဖို့ ပညာရေးကဏ္ဍကို မြှင့်တင်ပေးနေကြောင်း၊ ပညာသင်ယူရမည့် အရွယ်အားလုံး ပညာသင်ယူခွင့်ရရှိစေရေးနှင့် အခြေခံပညာအလယ်တန်းအဆင့် KG+9 အထိ မသင်မနေရ ပညာရေးစနစ်သည် နိုင်ငံတော်အစိုးရ၏ ပညာရေးရည်မှန်းချက်ဖြစ်ကြောင်း၊ အနည်းဆုံး KG+9 အဆင့်ပြီးမြောက်မှသာ အခြေခံရသွားမည်ဖြစ်ပြီး အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းများကို ဆက်လက်တက် ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများ ဖြစ်သည့်အတွက် ကျေးလက်စီးပွားရေးနှင့် MSME များတွင် အထောက်အကူရရှိနိုင်စေရန် လာမည့်ပညာသင်နှစ်ကစပြီး ခရိုင်(၅၀)ရှိ အခြေခံပညာအထက် တန်းကျောင်း (၅၁)ကျောင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုနည်းပညာ ဘာသာရပ်များကို Grade-10 မှ Grade- 12 အထိ တွဲဖက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ကျန်သည့်ခရိုင်များ၌ ၂၀၂၄-၂၅ ပညာသင်နှစ်တွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်က ဦးတည်ချက်ထားပြီးဆောင်ရွက်ရာတွင် ဆရာများ၏အခန်းကဏ္ဍမှာ အရေးကြီးသည်ကို အမြဲသတိရှိကြရန်လိုကြောင်း၊ “ပညာရေးပြုပြင် ပြောင်းလဲမှု ဆရာများက အစပြု” ဆိုသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့၏ ဆောင်ပုဒ်မှာ ပညာရေးကဏ္ဍတွင် ဆရာများ၏အရေးပါပုံကို မီးမောင်းထိုးပြနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အနာဂတ်သည်လည်း မျိုးဆက်သစ်လူငယ်များ၏ လက်ထဲမှာပင်ရှိသည့်အတွက် ပညာသင်ကြားခြင်းသည် ကလေးသူငယ်၊ လူငယ်လူရွယ်များအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်သကဲ့သို့ တာဝန်လည်းဖြစ်ကြောင်း၊ ကုလသမဂ္ဂက ချမှတ်ထားသည့် ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးတွင် ကျန်းမာရေးနှင့် ပညာသင်ကြားခွင့်သည် ထိပ်ဆုံးကပါကြောင်း။
စာသင်ကျောင်းဆိုသည်မှာ စာပေသင်ကြားပေးသည့် နေရာသက်သက်သာမဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားသုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးသည့် နေရာမျိုးဖြစ်ရန်လိုကြောင်း၊ သို့မှသာ မိမိကိုယ်မိမိ အကျိုးပြုနိုင်သည့်၊ လူမှုပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်သည့်၊ နိုင်ငံတော်ကိုအကျိုးပြုနိုင်သည့် လူကောင်းလူတော် နိုင်ငံ့သားကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
ထို့ပြင် မိမိတို့တပည့် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာကြံ့ခိုင်သည့် လူငယ်များ ဖြစ်လာစေရန် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးကြရန်လည်းလိုကြောင်း၊ နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် အကောင်းဆုံးအာမခံချက်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူမှုရေးဦးတည်ချက်ထဲတွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဆိုသည့်အချက်ကို ထည့်သွင်းချမှတ်ထားခြင်း ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတိုးတက်ခြင်း၊ မတိုးတက်ခြင်းဆိုသည်ကို နိုင်ငံသားများ ကျန်းမာရေးနှင့် ပညာရေးအခြေအနေကို ကြည့်ပြီးအကဲဖြတ်နိုင်ကြောင်း၊ လူနေမှုအဆင့်အတန်းနိမ့်ကျမှုနှင့် ကျန်းမာရေးအသိ မပြည့်စုံမှုတို့သည် ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းများပင်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကတစ်ဆင့် ကျန်းမာရေး အသိပညာများပေးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် မောင်တို့၊ မယ်တို့အနေဖြင့် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်လူငယ်များကို အရည်အချင်းရှိသည့် ပညာတတ်များဖြစ်လာအောင်၊ အမှားအမှန်များကို ခွဲခြားဆင်ခြင်တွေးခေါ်နိုင်စွမ်းရှိလာအောင် သင်ကြားပေးရန် လိုအပ်သကဲ့သို့ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာအောင်လည်း ပြုစုပျိုးထောင်ပေးရန်လိုအပ်သည်ကို အထူးမှာကြားလိုကြောင်း။
မကြာခင်မှာ ကျောင်းသားကျောင်းသူများကို စာပေသင်ကြားပေးသည့် ဆရာ၊ ဆရာမများဖြစ်လာကြမည့် မောင်တို့မယ်တို့အနေဖြင့် ပညာသင်ကြားရေးနယ်ပယ်တွင် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ် ပို့ဆရာတို့” ဆိုသည့်ဆရာ့ကျင့်ဝတ်များနှင့်အညီ အနာဂတ်သားကောင်းရတနာများ မွေးထုတ်ပေးနိုင်မည့် အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးပမ်းသွားကြရန်လိုကြောင်း။
မဃဒေဝလင်္ကာသစ်တွင်ပါသည့် “ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့” ဆိုသည့် ဆရာ့တာဝန်နှင့်အညီ စာတော်၊ စာတတ်ရုံသာမက ယဉ်ကျေးလိမ္မာပြီး၊ အကျင့်စာရိတ္တကောင်းသည့် တပည့်များဖြစ်အောင် သွန်သင်ဆုံးမပေးကြရန်လည်း မှာကြားလိုကြောင်း၊ မိမိတို့၏တပည့်၊ ကျောင်းသားကျောင်းသူများကိုလည်း “ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေး အံရွတ်၊ တပည့်ဝတ်” ဆိုသည့် လေ့လာသင်ယူစိတ်ပြင်းပြပြီး အသိပညာ၊ အတတ်ပညာ ပြည့်စုံကြွယ်ဝပြီး စိတ်ကောင်းစေတနာကောင်းရှိသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် အလေးထားပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော် အတူယှဉ်တွဲနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သဖြင့် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန် အထူးအရေးကြီးကြောင်း၊ လွတ်လပ်ရေးရယူခဲ့စဉ်ကလည်း ပင်လုံစာချုပ်ဖြင့် ပြည်ထောင်စုတစ်ခုလုံးကို စုစည်းမှုကိုသက်သေပြပြီး ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင်လည်း ပြည်ထောင်စုစိတ်ဓာတ်က အခြေခံအုတ်မြစ်ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မိမိတို့တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးသည် တစ်မြေတည်းနေတစ်ရေတည်းသောက် သွေးချင်းညီအစ်ကိုများ ဆိုသည့်စိတ်၊ တောင်ပေါ်မြေပြန့်မခွဲခြား သားချင်းများဆိုသည့်စိတ်၊ မရှိအတူရှိအတူ အေးအတူပူအမျှ ဥမကွဲသိုက်မပျက်အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသော မိသားစုများဆိုသည့် စိတ်ပင်ဖြစ်ကြောင်း၊ အဆိုပါပြည်ထောင်စုစိတ်ဓာတ်နှင့်ပင် မိမိတို့တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ချစ်ခင် လေးစားယုံကြည်မှုနှင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးကို ရေရှည်တည်တံ့ခိုင်မြဲအောင် တည်ဆောက်သွားကြရမည်ပင်ဖြစ်ကြောင်း၊ ထိုသို့တည်ဆောက်နိုင်ရန်အတွက် အလိုအပ်ဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးပင် ဖြစ်ကြောင်း။
ထို့ကြောင့် မောင်တို့၊ မယ်တို့အနေဖြင့် နိုင်ငံတော်ကမျှော်လင့် အားထားပြီးပြုစုပျိုးထောင်ပေးထားသည့် သားသမီးများပီသစွာ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိပြီး မိမိတို့တာဝန်ကျရာဒေသများတွင်ရှိသည့် ကျောင်းသားလူငယ်များကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များရှိလာအောင်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများ ဖြစ်လာအောင်၊ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသူများ ဖြစ်လာအောင်၊ ဒေသအတွင်းနေထိုင်ကြသည့် တိုင်းရင်းသား အချင်းချင်းယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာတရားများကို အပြန်အလှန်လေးစား တန်ဖိုးထားပြီး လောကကောင်းကျိုး သယ်ပိုးလိုသူများဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးကြရန် မှာကြားလိုကြောင်း၊ တစ်ဖက်မှလည်း မိမိတို့နိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်နေသည့် ပြည်ထောင်စုစိတ်ဓာတ်ကို ဒေသအသီးသီးမှာရှိသည့် တိုင်းရင်းသားများအကြား ထွန်းကားပြန့်ပွားလာအောင် ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။
မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်၊ အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့်“ တိုင်းပြည်သာယာ ဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး” ၊ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် “စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး” နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” တို့ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့်အတူ ကျရာအခန်းကဏ္ဍမှ လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်၊ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး တိုင်းရင်းသား ပြည်သူများအကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် အခြေခံကောင်းများ ရရှိလာအောင် စည်းရုံးဦးဆောင်ပေးကြရန်၊ မိမိတို့သင်ကြားပေးရမည့် စာသင်ကျောင်းအသီးသီးရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များကို နိုင်ငံတော်က အားကိုးအားထားပြုနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသည့် ပညာတတ် လူကောင်းလူတော်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်၊ အနာဂတ်နိုင်ငံတော်ကို ပုံဖော်ကြမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေရှိလာအောင်၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာသူများ ဖြစ်လာအောင် ပြုစုပျိုးထောင် လေ့ကျင့်ပေးကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် ပညာရေးကဏ္ဍတိုးတက်မြင့်မားရန် တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် တာဝန်ကျေပွန် အောင်ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားပြီး ပညာတတ်သည့် မျိုးဆက်နှင့်တိုးတက်သည့် နိုင်ငံတော်ကို ထူထောင်နိုင်ရေးတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားကြိုးမာန်တက် တာဝန်ထမ်းရွက်သည့် နိုင်ငံ့သားကောင်း ရတနာများ ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၅)ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ရခိုင်တိုင်းရင်းသား မောင်မင်းခန့်လှိုင်က ဂါရဝပြုကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကျောင်းသား၊ ကျောင်းသူ ၂ ဦးက အမှတ်တရလက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများ၊ ကျောင်းသား၊ ကျောင်းသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။