Skip to main content

မိုးကြိုကာလ မိုးကြိုးအန္တရာယ်

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က မိုးကြိုးပစ်မှုများကြောင့် နှစ်နာရီအတွင်း လူကိုးဦးသေဆုံးခဲ့ကြောင်း၊ သေဆုံး သူအများစုမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြသည့် ကျေးလက်ပြည်သူများဖြစ်ကြောင်း နိုင်ငံတကာသတင်းတစ်ပုဒ်တွင် ဖတ်ရှုရသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း မိုးကြိုးပစ်မှုကြောင့် နှစ်စဉ်လူနှင့်ကျွဲနွား သေဆုံးမှုများရှိခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင်လည်း လူသေဆုံးမှုများရှိခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုးကြိုးဘေးအန္တရာယ်သည် လွန်ခဲ့သည့်ဆယ်စုနှစ် တစ်ခုကျော်ခန့်မှစ၍ ပိုမိုများပြားလာခဲ့ရာ ပဲခူးတိုင်းဒေသကြီးသည် မိုးကြိုးဘေးအန္တရာယ်ကို အများဆုံးကြုံတွေ့ခဲ့ရပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း မိုးကြိုးကြောင့်ဒေသတွင်းနေ လူ ၁၅၀ ကျော် သေဆုံးခဲ့ရသည်ဟုဆိုသည်။ မိုးကြိုးအန္တရာယ်ကို မိုးကြို ကာလ၊ မိုးတွင်းကာလနှင့် ရုတ်တရက်ရာသီဥတုဖောက်ပြန်သည့် အချိန်တို့တွင် သတိပြုကြရန် ပညာရှင်တို့က သတိပေး ထားသည်။ မြန်မာနိုင်ငံတွင် မိုးကြိုးအများဆုံးပစ်သည့် အချိန်သည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလ၊ မိုးနှောင်းကာလဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်ဖြစ်ပြီး တစ်နေ့တာအတွင်း မွန်းတည့်ချိန်မှစ၍ ညနေ ၆ နာရီခန့်အတွင်း မိုးကြိုးအပစ်များသည်ဟုလည်း ဆိုသည်။

ယမန်နှစ်မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလတို့တွင် မိုးကြိုးပစ်မှု ၃၂ ကြိမ်ဖြစ်ပေါ်ခဲ့ရာ လူ၃၄ ဦး သေဆုံးခဲ့ရပြီး ကိုးဦးဒဏ်ရာရ၍ ဆေးရုံတွင်ကုသခဲ့ရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် နွားကျောင်းနေသည့် သားအဖနှစ်ဦးမိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသွားခဲ့သည့်အတွက် ယခုနှစ် မိုးရာသီအကြိုကာလ မိုးကြိုးအန္တရာယ်ကြောင့် အသေအပျောက်စတင်လာခဲ့ခြင်းပင်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် မိုးကြိုးပစ်မှုကြောင့် နှစ်စဉ်လူသေဆုံးမှု ရာနှင့်ချီ၍ရှိနေပြီး အများစုမှာ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ကြသည့် ကျေးလက်ပြည်သူများဖြစ်သည့်အလျောက် ယခုကဲ့သို့ မိုးကြို ကာလနှင့်မိုးနှောင်းကာလတို့တွင် မိုးကြိုးအန္တရာယ်ကို သတိ ပြုကြရတော့မည်ဖြစ်သည်။

မိုးကြိုကာလ မိုးရွာသွန်းခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်ပြီး မိုးကြိုးဘေးအန္တရာယ်ကျရောက် လာနိုင်သည့်အခြေအနေတွင် လယ်ယာ ချောင်း မြောင်း အင်း စသည်တို့တွင် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းလုပ်ကိုင်နေကြသူများ ကွင်းပြင်၊ ရေပြင်တို့တွင် ထီးတည်းကြီးမနေဘဲ အဆောက်အအုံများသို့ အမြန်ဆုံးခိုဝင်ခြင်း၊ မြောင်းများ၊ ချိုင့်ဝှမ်းများနှင့် နိမ့်သောနေရာများတွင် ဝပ်၍နေခြင်း၊ ကွင်းပြင်၌လူစုလူဝေးနှင့်ဖြစ်နေပါက သီးခြားစီဖြန့်ခွဲ၍နေခြင်း၊ ကွင်းပြင်၌ရောက်ရှိနေပါက ဆောင့်ကြောင့်ထိုင်၍ ဒူးနှစ်ဖက်ပေါ်တွင် လက်တင်ခေါင်းငုံ့ထားခြင်း၊ ဆံပင်များထောင်နေသည်ဟု စတင်ခံစားရပါက မိုးကြိုးပစ်တော့မည့် လက္ခဏာဖြစ်ရာ ဒူးထောက်ချလိုက်ပြီး ဒူးပေါ်သို့လက်နှစ်ဖက်ကို ယှက်တင်ကာ ခန္ဓာကိုယ်ကိုကွေးညွတ်ထားခြင်းဖြင့် မိုးကြိုးအန္တရာယ်မှ ရှောင်ရှားနိုင်ကြရန် အကြံပြုလမ်းညွှန်ချက်များရှိရာ လေ့လာထားကြရန်လိုသည်။

မိုးကြိုးပစ်ခြင်း၏ သဘောသဘာဝကိုသိနားလည်ရေး၊ မိုးကြိုးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများကို လေ့လာမှတ်သားလိုက်နာဆောင်ရွက်ရေး၊ မိမိတို့၏ မိသားစုများနှင့်ပတ်ဝန်းကျင်၌လည်း အသိပညာဖြန့်ဝေပေးကြရေးအတွက် အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။