မေလ ၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်သည်။ စက်မှုအရင်းရှင် ခေတ်ဦးပိုင်းတွင် အလုပ်သမားဟူသည် လောဘကြီးမားသော အလုပ်ရှင်တို့အဖို့ အမြတ်အစွန်း ပိုမိုရရှိနိုင်ရန်အတွက် အလုပ်ချိန်နှင့် လုပ်အားခများ ခေါင်းပုံဖြတ်ယူစရာ သားကောင်များ ဖြစ်ကြသည်။ တစ်ရက်လျှင် ၂၄ နာရီရှိရာ အလုပ်သမားများသည် ၁၆ နာရီမှ နာရီ ၂၀ အထိ အလုပ်လုပ်ကြရသည်။ အလုပ်ချိန်ကို ဤမျှရှည်လျားစွာ လုပ်ကြရသော်လည်း လုပ်အားခကိုမူ နည်းနိုင်သမျှ နည်းနည်းသာပေးပြီး အကြောင်းအမျိုးမျိုးဖြင့်လည်း လျှော့ချဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြသည်။
တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီသာထားရန် အလုပ်သမားများ၏ တောင်းဆိုမှုများသည် ၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ခန့်အထိ နှစ်ပေါင်း ၂၀ ခန့် တိုက်ပွဲဝင်တောင်းဆိုခဲ့ရပြီး အမေရိကန်ပြည်ထောင်စုတွင် စတင်ခဲ့သည့် အလုပ်သမားတို့၏ ရုန်းကန်လှုပ်ရှားမှုများမှာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ စသည့် အခြားစက်မှုအရင်းရှင်နိုင်ငံများသို့လည်း ဆက်လက်ကူးစက်သွားခဲ့သည်။ ၁၈၈၄ ခုနှစ် အမေရိကန်အလုပ်သမားအဖွဲ့ချုပ်ညီလာခံတွင် ၁၈၈၆ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ တစ်နေ့လျှင် ရှစ်နာရီသာအလုပ်လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့ရာ အလုပ်ရှင်တို့၏ အဘက်ဘက်မှ ဖိနှိပ်ချုပ်ချယ်မှုများ၊ နှိပ်ကွပ်မှုများနှင့် ရင်ဆိုင်ခဲ့ကြရသော်လည်း နောက်ဆုံးတွင် အောင်မြင်မှုရရှိ ခဲ့သည်။ ၁၉ ရာစုတစ်လျှောက်လုံးတွင် အရင်းရှင်နှင့် အလုပ်သမားတို့အကြား အကျိုးစီးပွားချင်း ဆန့်ကျင်နေခဲ့ကြသလို ပဋိပက္ခများနှင့်သာ ပြည့်နေခဲ့သည်။
၁၈၉၀ ပြည့်နှစ် မေလ ၁ ရက်နေ့မှစတင်၍ ပထမဆုံးသော အလုပ်သမားနေ့ကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင်မူ အင်္ဂလိပ်နယ်ချဲ့လက်အောက် ကျရောက်နေစဉ်ကာလ ရေနံချောင်းနှင့် ချောက်တို့တွင် ရေနံမြေအလုပ်သမားများ ၎င်းတို့၏လိုလားချက်ကို တောင်းဆိုဆန္ဒပြနေကြသည့် အချိန် ၁၉၃၈ ခုနှစ်တွင် ပထမဆုံးအဖြစ် ကျင်းပခဲ့သည်။ သို့ဖြစ်ရာ ယခုနှစ်အလုပ်သမားနေ့သည် မိမိတို့နိုင်ငံအဖို့ ၈၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ရာစုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီးသည့်နောက် စျေးကွက်စီးပွားရေးစနစ် ပြောင်းလဲခဲ့သလို ကုန်ထုတ်လုပ်မှုနည်းပညာများ၊ ခေတ်မီစက်ကိရိယာ များလည်း တိုးတက်ပြောင်းလဲလာခဲ့ပြီး အလုပ်ရှင်နှင့်အလုပ်သမားတို့မှာ အကျိုးတူစီးပွားဖက်များ ဖြစ်လာကြသည်။ အလုပ်ရှင်က ရင်းနှီးမြှုပ်နှံမှုကို စိုက်ထုတ်ကြပြီး အလုပ်သမားတို့က လုပ်အားကို စိုက်ထုတ်ခြင်းဖြင့် ထွက်ရှိလာသော ထုတ်ကုန်ကို စျေးကွက်သို့ပို့ဆောင်ကြရခြင်းဖြစ်ရာ အလုပ်ရှင် နှင့် အလုပ်သမားတို့အကြား အပြန်အလှန် အသိအမှတ်ပြုမှုနှင့် သဟဇာတဖြစ်မှုတို့ လိုအပ်လာသည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်ရန် လိုအပ်သည့် အလျောက် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ ပူးပေါင်းလက်တွဲ ကြိုးပမ်းနိုင်မှသာ အကျိုး ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်သည်။
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၁၂) ရပ်တို့ ချမှတ်အကောင်အထည်ဖော်လျက်ရှိရာတွင် အလုပ်သမားတို့၏ အခန်းကဏ္ဍမှာ ကြီးမားစွာ ပါဝင်လျက်ရှိသည်။ ပြည်တွင်းရှိ အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချ၍ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေး၊ ပြည်ပမှ ကုန်များ ဝယ်ယူတင်သွင်းသည့် နိုင်ငံအဖြစ်မှ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာရေး ဆောင်ရွက်ရာတွင် အလုပ်သမားအင်အားစု၏ စွမ်းဆောင်မှုသည်သာ အဓိကဖြစ်ရာ နိုင်ငံနှင့် မိမိအပါအဝင် ပြည်သူလူထု အကျိုးစီးပွားအတွက် ကိုယ်အား၊ ဉာဏ်အားရှိသမျှ အစွမ်းကုန် အားထုတ်ကြိုးပမ်းကြရပါမည့်အကြောင်း။ ။