မြန်မာနိုင်ငံတွင် မုန်တိုင်းဖြစ်ပေါ်လာနိုင်မှုနှင့်ပတ်သက်၍ ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုများဖြစ်နေကြသည်။ လက်ရှိအခြေအနေ၌ မုန်တိုင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ခန့်မှန်းတွေ့ရှိချက်များကိုသိနေရသည်။ ပိုမိုတိကျမှုကိုမူ မုန်တိုင်းငယ်ဖြစ်ပေါ်လာပြီးမှ သေချာသည့်လမ်းကြောင်းကို ခန့်မှန်းနိုင်မည်ဖြစ်သည်။ မုန်တိုင်းနှင့်ပတ်သက်၍ အရေးကြီးသည်မှာ သဘာဝဘေးအန္တရာယ်ကို ကာကွယ်မှု၊ ပြန်လည်ထူထောင်မှု၊ လျင်လျင်မြန်မြန် ပြန်လည်တုံ့ပြန် နိုင်စွမ်းရှိမှုတို့သည် အဓိကဖြစ်သည်။
လက်ရှိခန့်မှန်းတွေ့ရှိချက်များအရ ဘင်္ဂလားပင်လယ်အော်တွင် ယခုအချိန်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ပြီး မေလ ၉ ရက်နေ့ခန့်တွင် မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိကာ မြောက်ဘက်သို့ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့်ရက်များအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး ထိုလေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်အသိပေးထားသည်။ ဒေသတွင်း၌ အပူရှိန်များမြင့်တက်လာရာမှ ရုတ်တရက် အရှိန်ပြင်းပြင်းနှင့်ရိုက်ခတ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်သည်ဟု နိုင်ငံတကာမိုးလေဝသပညာရှင်များက ခန့်မှန်းကြသည်။
မြန်မာနိုင်ငံ၌ လာမည့်သီတင်းပတ်အတွင်း မေလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုကာ” ဒဏ်ကိုခံရနိုင်သည်ဟု အိန္ဒိယမိုးလေဝသဌာနက မေလ ၆ ရက်နေ့က အသိပေးထားသည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း မေလ ၈ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းဖြစ်ပေါ်ရာမှ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲကာ မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်သော လမ်းကြောင်းသုံးခုကို ခန့်မှန်းထားသည်။
လက်ရှိအချိန်တွင် မုန်တိုင်းဖြစ်ပေါ်ခြင်းမရှိသေးပေ။ မုန်တိုင်းဖြစ်ပေါ်လာမှသာ လားရာလမ်းကြောင်းကိုကြည့်ပြီး အချိန်ကာလတစ်ခုအတွင်း တိကျစွာခန့်မှန်းနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကြိုတင်ပြင်ဆင် စီမံခန့်ခွဲထားခြင်းသည်သာ အကောင်းဆုံးဖြစ်၍ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် မုန်တိုင်းအခြေအနေနှင့်ပတ်သက်၍ မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အလေးထားညွှန်ကြား ဆောင်ရွက်လျက်ရှိကာ မေလ ၆ ရက်နေ့တွင် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ဆောင်ရွက်သွားမည့် အချက်လေးချက်ကို ဆုံးဖြတ်ခဲ့ကြသည်။
မေလ ၈ ရက်နေ့မှစတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်နိုင်ရန်၊ လျင်မြန်စွာတုံ့ပြန်နိုင်ရန်အတွက် Disaster Management Center ဖွင့်လှစ်ပြီး စောင့်ကြည့်လျက်ရှိသည်။ ထို့အပြင် တပ်မတော်အပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ရင်းတပ်ဖွဲ့များအား သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမိန့်စောင့်စရာမလိုဘဲ ပြည်သူလူထုအား အမြန်ဆုံးကူညီရမည်ဟု ညွှန်ကြားထားသည်။ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ဦးစီးပြီး လုပ်ငန်းကော်မတီကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တို့က ဦးစီးဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူများ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရေးအတွက် ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ မုန်တိုင်းနှင့်ပတ်သက်၍ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများကို ခန့်မှန်းထားပြီး အကယ်၍လမ်းကြောင်းအတိုင်း မဝင်ရောက်ပါက ကြိုတင်ပြင်ဆင်ထားနိုင်သည့် အကျိုးကျေးဇူးများရမည်ဖြစ်သည်။ မုန်တိုင်းမဝင်ရောက်မီ ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည့်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အစားအသောက်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များစသည်တို့ကို ယခုကတည်းက တည်မြဲအမိန့်ပါအတိုင်း သက်ဆိုင်ရာ အဖွဲ့များပေါင်းစပ်ကာ တာဝန်များခွဲဝေစီမံဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းအစရှိသော သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အတွေ့အကြုံများရှိထားပြီးဖြစ်ရာ သဘာဝဘေးနှင့် ပတ်သက်သည့် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာယူ၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။ ။