Skip to main content

မုန်တိုင်းသင့်ပြည်သူများအား အလျင်အမြန်ပြန်လည်ထူထောင်ပေး

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) သည် မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများမှ စစ်တွေမြို့အနီး ဖြတ်ကျော်တိုက်ခတ်စဉ် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် မုန်တိုင်းသင့်ဒေသများအား ပိုမိုကောင်းမွန်သည့် လူနေမှုဘဝများ ရောက်ရှိစေရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ထိခိုက်ပျက်စီးသည့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ပေးလျက်ရှိ သည်။

မုန်တိုင်းစတင်ဝင်ရောက်သည့် မေလ ၁၄ ရက်နေ့တွင် သေဆုံးသူနှစ်ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၈ ဦးရှိကြောင်း ကနဦးသတင်းများအရသိရှိပြီးနောက် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများက တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အသေးစိတ်ထပ်မံစစ်ဆေးခဲ့ရာ မေလ ၁၅ ရက်နေ့ညပိုင်းအထိ ကောက်ယူရရှိသော စာရင်းများအရ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၁ ခုတို့တွင် စုစုပေါင်းပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများမှာ ရပ်ကွက်/ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိကအဆောက်အအုံ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင် ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ လမ်းမီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ငါးခု၊ ဈေးတစ်ခု၊ လေဆိပ်နှစ်ခု၊ ဌာနဆိုင်ရာ အဆောက်အုံ ၁၁၂ လုံး ပျက်စီးခဲ့ပြီး မုန်တိုင်းတိုက်ခတ်နေစဉ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ သက်ရောက်မှု၊ ထိခိုက်မှုတို့ကို မမျှော်မှန်း နိုင်သည့်ကိစ္စဖြစ်သည်။ သို့သော်လည်း ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်မှုကောင်းသောကြောင့် ပျက်စီးဆုံးရှုံးမှု များခဲ့သော်လည်း ပြည်သူများသေဆုံးထိခိုက်မှုများကို ယခင်အလားတူမုန်တိုင်း တိုက်ခတ်မှုနှင့်နှိုင်းယှဉ်လျှင် သိသာစွာလျှော့ချနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ဆက်လက်၍ ပေါ်ထွက်လာမည့် ထပ်တိုးစာရင်းများအရ အပျက်အစီးနှင့်ဆုံးရှုံးမှုများ တိုးနိုင်ပေသေးသည်။ သဘာဝဘေးအန္တရာယ်ကို မည်သို့ပင်ကြုံတွေ့ရသော်လည်း စည်းလုံးညီညွတ်မှုနှင့် စနစ်တကျကြိုတင်ပြင်ဆင်နိုင်မှုစွမ်းပကားများဖြင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

သဘာဝဘေးအန္တရာယ် ထိခိုက်ခံခဲ့ရသည့် ဒေသခံပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်၊ အလှူရှင်များက လှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ၊ အမျိုးသားသဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်နှင့်ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။ တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိသည့်အတွက် ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် နိုင်ငံတော်အစိုးရနှင့်အတူ စေတနာရှင်ပြည်သူများကလည်း အားတက်သရောပါဝင်ကူညီလှူဒါန်းကြသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

နိုင်ငံတော်တွင် အခက်အခဲအကျပ်အတည်းနှင့် စိန်ခေါ်မှုများကြားမှ လိုအပ်ချိန်တွင် ချက်ချင်းပါဝင်လှူဒါန်းနိုင်ကြခြင်းသည် နိုင်ငံ၏စီးပွားရေးပြန်လည် ကောင်းမွန်လာမှုနှင့် အလှူရှင်များ၏စိတ်စေတနာနှင့် စီးပွားရေးကောင်းမွန်မှုတို့ကြောင့်ဖြစ်သည်။ လှူဒါန်းမှုအစုစုတို့ကို ရခိုင်ပြည်နယ်သာမက အခြားပြည်နယ် နှင့်တိုင်းဒေသကြီးများသို့ ခွဲဝေပို့ဆောင်ပေးမည်ဖြစ်သည်။ မုန်တိုင်းသင့်ပြည်သူများအတွက် တစ်ဦးတစ်ယောက်မျှမကျန်ရှိစေဘဲ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မုန်တိုင်းဒဏ်သင့်ခဲ့ ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု များနှင့် စေတနာရှင်အလှူရှင်များက မေလ ၁၅ ရက်နေ့လှူဒါန်းငွေမှာ ကျပ်သိန်း ပေါင်း ၁၃၁၈၁၀ ဖြစ်ပြီး ဆက်လက်၍လည်း လှူဒါန်းမှုများ အဆက်မပြတ်ရှိနေသည်။

သို့ဖြစ်ရာ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အတိုင်း တိုင်းပြည်အတွက် လိုအပ်လာချိန်တွင် နိုင်ငံတော်အစိုးရ၏ စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်နိုင်မှုနှင့် စည်းလုံးညီညွတ်မှု၊ မြန်မာအချင်းချင်းရိုင်းပင်းကူညီ စေတနာထားရှိမှုတို့ဖြင့် မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်‌ဆောက်ရေးလုပ်ငန်းများကို လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။           ။