၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်း သီတင်းပတ်အစီအစဉ်အနေဖြင့် မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံရေးကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာတတ်မြောက်ရေးအတွက် မိဘအုပ်ထိန်းသူများအားလုံးက ကျောင်းအပ်နှံပေးရမည်ဖြစ်သည်။
နိုင်ငံတစ်ဝန်းရှိ ငါးနှစ်အရွယ်ကလေးများအားလုံးကို သူငယ်တန်း (KG) သို့ လည်းကောင်း၊ ခြောက်နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့ လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး ယခုပညာသင်နှစ်တွင် နဝမတန်း (Grade-9) နှင့် ဒွါဒသမတန်း (Grade-12) အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားသွားမည်ဖြစ်သည်။ ထို့အပြင် ၂၀၂၃-၂၀၂၄ ယခုပညာသင်နှစ်မှစတင်၍ နိုင်ငံတစ်ဝန်းရှိ ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ရာ KG+9 အလယ်တန်းပညာရေး ပြီးဆုံးအောင်မြင်သူများအနေဖြင့် အသက်မွေးဝမ်းကျောင်း အခြေခံရရှိရေးအတွက် Grade-10၊ Grade-11၊ Grade-12 အတန်းများတွင် စိုက်ပျိုး၊ မွေးမြူ၊ စက်မှုနည်းပညာရပ်များကို သင်ယူနိုင်ကြမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကျောင်းနေအရွယ်ကလေးများ အားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရရှိအောင် ဖန်တီးဖော်ဆောင်ပေးနေသည်။ Education for All အားလုံးအတွက် ပညာရေး ဆိုသည့်အတိုင်း ပညာကို လူတိုင်းလူတိုင်း သင်ယူခွင့်ရရှိနိုင်အောင် ဆောင်ရွက်ပေးနေသည်။ သုတေသနတွေ့ရှိချက်များအရ ကလေးများကို ကျောင်းထားရန် စိတ်ဆန္ဒနည်းပါးကြသည့် မိဘအုပ်ထိန်းသူများအား ပညာ၏တန်ဖိုး၊ ပညာ၏အကျိုးကျေးဇူးတို့ကို နားလည်သဘောပေါက်အောင် အသိပညာပေးစည်းရုံးပြီး လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကူညီပံ့ပိုးပေးရန် အသင့်ရှိနေသည်ကို ယုံကြည်လာအောင် ဆောင်ရွက်ပေးနိုင်ပါက ကလေးများအားလုံး ကျောင်းနေလာကြမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြကြောင်းသိရပြီး အသက် (၁၂) နှစ်မှစ၍ ကျောင်းတက်နှုန်း စတင်ကျဆင်းလာကာ အသက် (၁၄)နှစ်နောက်ပိုင်း အလယ်တန်း ပညာပြီးဆုံးချိန်တွင် သိသိသာသာကျဆင်းလာသည်ဟု သိရသည်။ ပညာဆက်လက် မသင်ကြားသူ ၁၀ ဦးအား မေးမြန်းလေ့လာမှုအရ သုံးဦးသည် မိသားစုကို ကူညီနေရ သောကြောင့်ဟုဖြေဆိုပြီး နှစ်ဦးမှာ ကျောင်းဆက်တက်ရန် ငွေကြေးမတတ်နိုင်သော ကြောင့်ဟု ဖြေဆိုကြသည်။ အသက်သုံးနှစ်မှ (၅၀) နှစ်အတွင်းရှိ လူဦးရေ၏ ကျောင်းဆက်မတက်ရခြင်း အဓိကအကြောင်းရင်းကို ဖြေဆိုကြသည်မှာ မကျန်းမာခြင်း၊ မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ ငွေမတတ်နိုင်သူများမှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ်ကူရသည်မှာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကူရသည်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စာမေးပွဲကျခြင်း၊ စာမလိုက်နိုင်ခြင်းနှင့် စိတ်မဝင်စားခြင်းမှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကျောင်းဝေးလွန်းသည်မှာ ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်နေသည်ကိုတွေ့ရသည်။ ကျောင်းမနေသူအားလုံးနှင့်ပတ်သက်၍ အနှစ်ချုပ်ဆိုလျှင် ဆင်းရဲမွဲတေမှုကြောင့်ဖြစ်ရသည်မှာ အများစုဖြစ်နေသည်ကို တွေ့ရသည်။
ထို့ကြောင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက အဘက်ဘက်မှ ပံ့ပိုးကူညီအားပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာရေးသည် မိမိမိသားစုဘဝ တိုးတက်မြင့်မားရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ပညာမတတ်သည့်နိုင်ငံသားများပြီး ပညာရေးနိမ့်ကျသည့်နိုင်ငံသည် မတိုးတက်နိုင်ဟု လက်ခံထားကြသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် ပညာကို အဓိကတည်ဆောက်ကြသည်။ နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စီးပွားရေးတိုးတက်မှုတို့သည် ပညာတတ်ပေါများမှုနှင့် တိုက်ရိုက်အချိုးကျသည်။ အခြေခံအားဖြင့် အားလုံးပညာ သင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက အခြေခံပညာရေးကို အခမဲ့ပညာ သင်ကြားနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်။
သာမန်လုပ်ကိုင်စားသောက်နိုင်ရန် အနည်းဆုံး အလယ်တန်းပညာ ပြီးဆုံးအောင် ကြိုးစားသင်ယူကြရမည်ဖြစ်သည်။ မိဘအုပ်ထိန်းသူများနှင့် လုပ်ကိုင်နိုင်စွမ်းရှိသည့် နိုင်ငံသားအားလုံးက မျိုးဆက်နိုင်ငံသားအားလုံး၏ အနာဂတ်အတွက် ခိုင်မာသည့်လမ်းခင်းပေးရန်လိုအပ်သည်။ မိမိတို့ရင်သွေးငယ်များ အနာဂတ်ကို မြော်တွေး၍ မဖြစ်မနေဆောင်ရွက်ကြပါလျှင် မျှော်မှန်းချက်များ အောင်မြင်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့် KG+9 ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေးနှင့် အနာဂတ်ပညာရေး ပိုမိုကောင်းမွန်လာစေရန် အမျိုးသားရေးတာဝန်အဖြစ် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။