Skip to main content

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက် အဓိကအားဖြင့် အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်ရန် ဖန်တီးပေးရမည်

နေပြည်တော် မေ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ပဲခူးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အကြီးစား၊ အလတ်စားနှင့် အငယ်စားစက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြကြရာတွင် ပဲခူး တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင်၊ ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမိုးသက်၊ ပန်းပုလုပ်ငန်းရှင်များကိုယ်စား ဦးအောင်ကျော်ဆန်း၊ Light House ကော်ဖီ(တောင်ငူ) လုပ်ငန်းရှင် ဦးဇေယျာမင်း၊ သံရည်ကြိုလုပ်ငန်းရှင်များကိုယ်စား ဦးဌေးဝင်း၊ ပဲခူးမြို့ မြို့မိမြို့ဖ ဦးဆန်နီနှင့် တက်ရောက်လာကြသူများက ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အရင်း အနှီးများနှင့်နည်းပညာများကို နိုင်ငံတော်မှ ကူညီ ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်း ဈေးကွက်လိုအပ်ချက်ရှိသည့် စားအုန်းဆီလုပ်ငန်း တိုးချဲ့ဆောင်ရွက်လိုမှု၊ ဒေသတွင်းအောင်မြင်လျက်ရှိသည့် ပန်းပုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း၊ ပြည်ပ လက်မှုအနုပညာပြပွဲများသို့ ပါဝင်ပြသနိုင်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမတည်ငွေလိုအပ်ချက်အား ကူညီဆောင်ရွက်ပေးလိုမှု၊ ဒေသတွင်းလည်ပတ်လျက်ရှိ သည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများအတွက် လိုအပ်သည်များကူညီဆောင်ရွက်ပေးစေလိုမှု၊ စိုက်ပျိုးမွေးမြူရေးမြို့နယ်အဆင့် ကုန်စည် ဒိုင်များဖြစ်ပေါ်လာမည်ဆိုပါက အကျိုးအမြတ်များ ဖြစ်ပေါ်လာနိုင်မှု၊ လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်းရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ချေးငွေများကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ထုတ်ချေးပေးထားပြီး ၎င်းချေးငွေများ ပြန်လည်ရရှိမှသာလျှင် ရင်းနှီးမတည်ငွေများ ပြန်လည်ထုတ်ပေးနိုင်မည်ဖြစ်သဖြင့် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုအပ်မှု၊ လုပ်ငန်းများအတွက် ချေးငွေများရရှိလိုမှုနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလျှောက်ထား နိုင်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုအပ်မှု၊ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းအလိုက် အတိုးနှုန်းသက်သာသည့် ချေးငွေများရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ချေးငွေများ ရယူပြီးပါက လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက် ပြီး သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်သွားရန်လိုအပ်မှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့မှုရှိစေရေးနှင့် လိုအပ်သည့် စက်ကိရိယာများ၊ ယာဉ်ယန္တရားများ၊ အရင်းအနှီးများနှင့် နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်သဖြင့် သက်ဆိုင်ရာဦးစီးဌာနများတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှုပမာဏ ယခုထက်ပိုမိုမြင့်တက်လာစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံများအားလုံးက အလေးထားဆောင်ရွက်ကြရန်လိုအပ်မှု၊ ဒေသမှထွက်ရှိသည့် ထုတ်ကုန်များဈေးကွက်ရရှိရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ပြပွဲ၊ ပြိုင်ပွဲများတွင် ဝင်ရောက်ပြသခြင်းနှင့် MSME လုပ်ငန်းကော်မတီနှင့် အမြဲမပြတ် ဆက်သွယ်ဆောင်ရွက်မှုရယူရန် လိုအပ်မှုတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်နိုင်ရန်အတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်အနေဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေး၍ရနိုင်မည်ကို စဉ်းစားဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းများအားလုံး၌ မွန်ပြည်နယ်ပြီးပါက စီးပွားရေးအားကောင်းသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည်ကို အချက်အလက်များအရ သိရှိရကြောင်း၊ နိုင်ငံတော်၏စီးပွားရေးအတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးသည် ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့မှုများကြောင့် စီးပွားရေးပိုမိုကျဆင်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှုနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် စီးပွားရေးသည် အနုတ်လက္ခဏာ ဖြစ်ခဲ့ကြောင်း။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်

ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးမှုနည်းပါးခဲ့ကြောင်း၊ နိုင်ငံအနေဖြင့် ရောင်းချ၍ ရသည့် ထုတ်ကုန်ပစ္စည်းများကို လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၊ မြေသယံဇာတပစ္စည်းများ၊ ရေသယံဇာတပစ္စည်းများကို ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ပိုမိုအောင်မြင်နိုင်သည့် အခြေခံခိုင်မာပြီးဖြစ်သော ကုန်ထုတ်လုပ်ငန်းဖြစ်သဖြင့် မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေ ခြင်းဖြစ်ပြီး အလုပ်လုပ်နိုင်ရန် အဓိကအားဖြင့် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်း ရှိပြီး လယ်စိုက်ဧကမှာ ၁၃ သန်းကျော်ရှိကြောင်း၊ အဆိုပါမြေများ၌ မိုးစပါးစိုက်ပျိုးပြီး သီးထပ်များကို စိုက်ပျိုးမည်ဆိုပါက သီးထပ်စွမ်းအားများ တိုးတက်လာမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူ၍ရှိပြီး အားလုံးပြည့်စုံကောင်းမွန်နေရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များရရှိရန် လိုအပ်သကဲ့သို့ မြေဆီမြေဩဇာကောင်းမွန်အောင် ဆောင်ရွက်ရန်လည်းလိုကြောင်း၊ အလားတူ စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သည့် အောင်ရေများ လုံလောက်စွာရရှိရန်လည်းလိုကြောင်း၊ စိုက်ပျိုးနည်းစနစ်များလည်း မှန်ကန်ရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်မှသာလျှင် တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများတွင်လည်း မျိုးကောင်းမွန်ရန် လိုအပ်သကဲ့သို့ မွေးမြူရေးစနစ်များနှင့် တိရစ္ဆာန်အစားအစာများကို လုံလောက်စွာကျွေးမွေးနိုင်ရန်လိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးထပ်စွမ်းအားများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ပြီး နိုင်ငံအတွက်ဝင်ငွေများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်ပြီး အထွက်နှုန်းများတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပဲခူးတိုင်းဒေသကြီး၏ ဝင်ငွေများပိုမိုရရှိလာမည်ဖြစ်ကြောင်း။

MSME လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကုန်ကြမ်းပစ္စည်း၊ လျှပ်စစ်ဓာတ်အား၊ သွင်းအားစုများနှင့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်

MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကြမ်းများလိုအပ်ကြောင်း၊ အလားတူ ကုန်ထုတ် လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် လျှပ်စစ်ဓာတ်အားများ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်ကတည်းက လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးဖြင့် နှောင့်နှေးခြင်းနှင့် ရပ်တန့်ခဲ့ရမှုများရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ယခုအချိန်အထိ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆည်များတည်ဆောက်ထားသော်လည်း PDF အမည်ခံအကြမ်းဖက်သမားများအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖျက်ဆီးမှုများကို ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့်လည်း လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ လိုအပ်ချက် များရှိနေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဓာတ်မြေဩဇာများလည်း လိုအပ်သဖြင့် ပြည်ပမှဝယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားငွေရှိမှသာ ပြည်ပမှဝယ်ယူနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားငွေရရှိရေး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။

MSME လုပ်ငန်းများအတွက် လိုအပ်သည့်ရင်းနှီး မတည်ငွေများကို မိမိတို့အနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ လုံလောက်စွာ ရရှိစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်း များကို စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အတန်းပညာတတ်မြောက်မှုများ နည်းပါးနေသေးကြောင်း၊ အတန်းပညာတတ်မြောက်မှသာ အတတ်ပညာများကို သင်ကြားနိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် နို့ထွက်ပစ္စည်းများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်း နွားမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်၍ နို့ထွက်ပစ္စည်းထုတ်လုပ် ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွက် လိုအပ်သည့် အသား၊ ငါး၊ ဥများကို ထုတ်လုပ်၍ ရောင်းချနိုင်မည်ဆိုပါက ဒေသဝင်ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ ရောင်းချနိုင်သကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပသို့ပါတင်ပို့နိုင်သဖြင့် ပဲခူးတိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ပဲခူးတိုင်းဒေသကြီးအတွင်း ရော်ဘာစိုက်ပျိုးမှု ဧက ၅၀၀၀၀ ခန့်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ရော်ဘာများကိုအခြေခံ၍ ဒေသအတွက် လိုအပ်သည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တာယာများ၊ အခြားလူသုံးကုန်ပစ္စည်းများကို ထုတ်လုပ် နိုင်ရန်လိုကြောင်း၊ အလားတူ ဒေသတွင်းဆန်ဖူလုံမှုရှိသည်ကို တွေ့ရှိရကြောင်း၊ စပါးကြိတ်ခွဲရာမှထွက်ရှိလာသည့် ဖွဲ၊ ဆန်ကွဲများကိုလည်း တိရစ္ဆာန်အစာ အပါအဝင် အကျိုးရှိစွာအသုံးချနိုင်ရန်လိုကြောင်း၊ ဆီထွက်သီးနှံများကိုလည်း အမှန်တကယ်ဖြစ်ထွန်း အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း စားသုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်နိုင်ငံခြားငွေများအသုံးပြု၍ ဝယ်ယူနေရကြောင်း၊ သီးထပ်များ စိုက်ပျိုးရာတွင် ဆီထွက်သီးနှံများကို အောင်မြင်ဖြစ်ထွန်း အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှစားသုံးဆီ တင်သွင်းရမှုများ လျော့ကျသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ခြင်းဖြင့် ဝင်ငွေများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မား လာမည်ဖြစ်ကြောင်း။

အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန် အဓိကလိုအပ်

နိုင်ငံ့စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်သဖြင့် သက်ဆိုင်ရာလုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်း၍တိုးတက်အောင်ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ အဓိကအားဖြင့် အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အလုပ်အကိုင်များ ဖန်တီးပေး နိုင်ရေးနှင့် အလုပ်လုပ်နိုင်ရန် အခွင့်အရေးများ ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ အခက်အခဲဖြစ်ပေါ်ချိန်တွင် မိမိတို့နိုင်ငံ၏အားဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟု အာမခံကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဦးစွာဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကိုမဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်ကို အသိပေးလို ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ကောင်းမွန်အောင်ဆောင်ရွက်လိုသည့်စိတ်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် အောင်မြင်မှုများရရှိမည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးတိုက်တွန်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက် လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်