နေပြည်တော် မေ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ သမိုင်းဝင်ကျိုက်ပညာယျစေတီတော်မြတ်ကြီး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့နယ် ဥဿမြို့သစ် ပဲခူးတက္ကသိုလ်အနီးတွင် တည်ထားကိုးကွယ်သည့် နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော သမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုကာ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူသည်။
ထို့နောက် သမိုင်းဝင်စေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေရှည်ကိုမျှော်မှန်း၍ စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိစေတီတော်ကြီး၏ ရင်ပြင်တော်မှာ ဘုရားဖူး အများအပြားလာရောက်ပါက အဆင်ပြေနိုင်မည် မဟုတ်သောကြောင့် အထက်ပစ္စယံ၊ အလယ်ပစ္စယံနှင့် အောက်ပစ္စယံတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ စေတီတော်ကြီးပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်ရန်လိုပြီး ရေဝင် ရေထွက်ကောင်းမွန်ရေးကိုပါ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မွန်ဘုရားဖြစ်သည့်အတွက် မွန်လက်ရာများလည်း ပါဝင်ရန်လိုကြောင်း၊ နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည့် သမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံမည့် လုပ်ငန်းကဏ္ဍများ၌ ရဟန်း၊ ရှင်လူ၊ အများပြည်သူတို့ ပါဝင်ကုသိုလ်ယူနိုင်ရေးအတွက်လည်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်ရန်လိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညို၍ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တော်မူခဲ့သော ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး ကိုယ်တော်တိုင် တည်ထားကိုးကွယ်ခဲ့သည့် ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော် သည်။ ထို့နောက် စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဓမ္မလက်ဆောင်များပြန်လည် ပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့်ပြုပြင်မွမ်းမံ ထိန်းသိမ်းမှုများကို မပြတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် “ရှင်ပင်သာလျောင်း” ခေါ် “ရွှေသာလျောင်း” ရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသာယာလှပပြီး လာရောက်ဖူးမြော်သူများ ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို အမြဲမပြတ် ဆောင်ရွက်ရန်လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အာရုံခံတန်ဆောင်းအတွင်းရှိ သာသနာရေးဆိုင်ရာ ပစ္စည်းများနှင့် ရိုးရာလက်မှုပစ္စည်း အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးသည်။
ရွှေမော်ဓော စေတီတော်မြတ်ကြီး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေမော်ဓောစေတီတော်မြတ်ကြီးသို့ ရောက်ရှိဖူးမြော်ကြပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ဆုတောင်းပြည့်ဘီလူးရန်နိုင်ဘုရားအား ဖူးမြော်ကြည်ညိုသည်။
ထို့နောက် စေတီတော်မြတ်ကြီးရှိ ရွှေမော်ဓောစေတီတော်သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ရှေးဟောင်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်များ၊ လက်ဝတ်ရတနာများ၊ အသုံးအဆောင် ပစ္စည်းများကိုကြည့်ရှုပြီး ရှေးဟောင်းလက်ရာများသည် သမိုင်းကို ပြသနေခြင်းပင်ဖြစ်သည့်အတွက် မပျောက်ပျက်၊ မပျက်စီးအောင် စနစ်တကျ ထိန်းသိမ်းကြရန်နှင့် အခြားလိုအပ်သည်များကို မှာကြားကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြသည်။
ကမ္ဘောဇသာဒီ ရွှေနန်းတော်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကမ္ဘောဇသာဒီရွှေနန်းတော်သို့ရောက်ရှိကြပြီး ရွှေနန်းတော်အတွင်း ယခင်မြေနန်း ပြာသာဒ်ဆောင်နေရာမှ တူးဖော်ရရှိသည့် ကျွန်းတိုင်များကို ပြသထားရှိမှု၊ နန်းတော်အား ပြန်လည်ပြုပြင် ထိန်းသိမ်းရန်ဆောင်ရွက်လျက်ရှိမှု၊ နန်းတော်ပြတိုက် အတွင်း ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ပြသထားရှိမှုများကိုလည်း ကောင်း၊ ဟံသာဝတီရှေးဟောင်းသုတေသန ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များနှင့် ရှေးဟောင်းအသုံးအဆောင် ပစ္စည်းများကိုလည်းကောင်း၊ ဘမရာသနပလ္လင်တော် ဆောင်အတွင်းခင်းကျင်းထားရှိမှုများကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအား ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများကို အမြန်ဆုံးဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း သမိုင်းမှတ်တမ်းမှတ်ရာများ၊ မြေနန်းပြာသာဒ်မှတူးဖော်ရရှိသည့် ရှေးလက်ရာများအတိုင်း ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ပြတိုက်အား လာရောက်လေ့လာသူများ အလွယ်တကူ လေ့လာနိုင်ရေး ခေတ်နှင့်လျော်ညီစွာ ခင်းကျင်းပြသထားရှိရန်လိုကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး စီးနင်းအသုံးပြုခဲ့သည့် ရထားတော်ကြီးကို မူလအရွယ် အစားအတိုင်း ရှေးမူမပြတ်ပြန်လည်တည်ဆောက်၍ ပြသထားရန်လိုကြောင်း၊ ကမ္ဘောဇသာဒီရွှေနန်းတော် ကြီးအတွင်း သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ဟံသာဝတီမြို့တော် ဟောင်းနေရာအား ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကမ္ဘောဇသာဒီ ရွှေနန်းတော်ရှိ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃ )ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးသည် ဟံသာဝတီဒေသ၌ အကျယ်အဝန်း ၃၄၀၀ စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မြို့တံခါးငါးပေါက်ပါရှိပြီး စုစုပေါင်း မြို့တံခါး ၂၀ ဖြင့် တည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသည့် နန်းတော်သစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး “ကမ္ဘောဇ သာဒီ” ဟု ခေါ်တွင်စေခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၉၄၃ ခုနှစ်(အေဒီ ၁၅၈၁)ခုနှစ်၊ သက်တော် ၆၆ နှစ်တွင် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံခဲ့ပြီး သားတော်နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီမြို့ ပျက်စီးခဲ့ရကာ “ကမ္ဘောဇသာဒီ” နန်းတော်ကြီးမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ထို့နောက် နှစ်ပေါင်း ၄၀၀ ကျော်ခန့် အပျက်အစီးများအောက်တွင် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည့် “ကမ္ဘောဇသာဒီ”နန်းတော်ကြီးကို ရှေးဟောင်းသုတေသန ဦးစီးဌာနက ၁၉၉၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ ၁၉၉၇ ခုနှစ်အထိ သုတေသနပြုတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ မြေနန်းပြာသာဒ်ဆောင်နေရာ အား ၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် စတင်သုတေသနပြုတူးဖော်ခဲ့ရာ မြေနန်းပြာသာဒ်ဆောင်၊ စနုဆောင်၊ လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏ အုတ်ခုံပန္နက်များကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှ ကျွန်းတိုင်လုံး အကြွင်းအကျန်များကို တွေ့ရှိခဲ့ရပြီး အချို့ကျွန်းတိုင်များတွင် ပေးပို့ဆက်သသူများ၏ အမည်များကိုရေးထိုးထား သည်ကို တွေ့ရှိရကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲဝင်းဆောင်၊ လက်ယာဝင်းဆောင်နှင့် စနုဆောင်တို့ကို ပုံစံတူပြန်လည်တည်ဆောက်ရေးအတွက် တူးဖော်တွေ့ရှိရသည့် ပန္နက်ပုံ၊ မှတ်တမ်းအထောက်အထားများနှင့်ညှိနှိုင်း၍ ပုံစံတူ ပြန်လည်တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပမှ လာရောက် လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်