Skip to main content

မြန်မာနိုင်ငံ၌ J series festival ပထမဆုံးအကြိမ် ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၁

The executive committee of International Drama Festival in TOKYO က ကြီးမှူးကျင်းပသည့် J series festival ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC)၌ ကျင်းပသည်။

အဆိုပါပွဲတော်ကို ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံတွင်ငါးကြိမ်၊ အင်ဒိုနီးရှားနိုင်ငံတွင် နှစ်ကြိမ်၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်ဝမ်တို့တွင် တစ်ကြိမ်စီကျင်းပခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပွဲတော်တွင် MNTVChannel ၌ ပြသနေသည့် "ကြုံရဆုံရ သမီးယောက္ခမ"ဇာတ်လမ်းတွဲ၌ သရုပ်ဆောင်သည့်ဂျပန်နိုင်ငံမှ သရုပ်ဆောင် Ms. Hada Michiko ၊ သရုပ်ဆောင် အဆိုတော် မိုရီဆာကီဝင်း၊ အဆိုတော် Ms. Hirahara Ayaka၊ အဆိုတော် Ms. Milet နှင့် မြန်မာနိုင်ငံမှအဆိုတော် AR-T တို့က Talk Show အစီအစဉ်နှင့်ဖျော်ဖြေမှုများဖြင့် တင်ဆက်ကြပြီး ဂျပန်နိုင်ငံမှ ဒရမ်မာစီးရီးနမူနာ ၁၅ ကားကိုပြသကာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချီရော့ မာရုယာမ က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

J series festival goossa တက်ရောက်လာကြသည့်တာဝန်ရှိသူ များနှင့် အနုပညာရှင်များကို မြန်မာ့ သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည် -

Mr. Shigemura Hajime (ပွဲစီစဉ်သူ) The executive committee of International Drama Festival in TOKYO ဒုတိယဥက္ကဋ္ဌ
ဒီပွဲတော်ကို အာရှနိုင်ငံတွေမှာ ကျင်းပလာတာ ခြောက်နှစ်ရှိသွားပြီ။ မြန်မာနိုင်ငံမှာ ဒါပထမဆုံးပါ။ ရည်ရွယ်ချက်ကတော့ ဂျပန်မှာ ခေတ်စားနေတဲ့ အကြောင်းအရာတွေ ကို မြန်မာတွေနဲ့ မိတ်ဆက်ပေးပြီး မြန်မာမှာ ခေတ်စားနေတဲ့အကြောင်း အရာတွေကို ဂျပန်တွေကို ပြန်ပြီး မိတ်ဆက်ပေးတာပါ။ နှစ်နိုင်ငံ ပိုမို ချစ်ကြည်ရင်းနှီးမှု တိုးပွားလာအောင် လုပ်ဖို့ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရတဲ့အတွက် ဝမ်းသာ ပါတယ်။

သရုပ်ဆောင် Ms. Hada Michiko

မြန်မာနိုင်ငံမှာ ဒီလိုမျိုးဂျပန်ဒရမ်မာ ဇာတ်လမ်းတွေ ပြသနေပြီး ကြည့်ရှုနေတာကို သိရတဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ နောက်ထပ်လည်း ဒီထက်ကောင်းတဲ့ ဂျပန်ဒရမ်မာစီးရီးတွေ ထပ်လွှင့်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဆက်ပြီး ကြည့်ရှုကြပါ။ အားပေးမယ်လို့လည်း မျှော်လင့်ပါတယ်။ ဂျပန်နဲ့ မြန်မာနိုင်ငံက တော်တော်များများ တူညီတဲ့အတွက် နောက်ပိုင်းမှာလည်း မြန်မာလူမျိုးတွေနဲ့ အတူတူတွဲပြီးတော့ အနာဂတ်မှာလည်း ကောင်းမွန်မှုတွေ ရရှိမယ်လို့ ထင်ပါတယ်။

အဆိုတော် Ms. Milet

ကျွန်မရဲ့ တန်ဖိုးရှိတဲ့ ပထမဆုံး သီချင်းကို မြန်မာနိုင်ငံမှာ ဆိုခွင့်ရခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ အနုပညာကနေတစ်ဆင့် ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရေးကို ပိုမို တိုးတက်စေချင်ပါတယ်။ ဒီအခမ်း အနားကိုတက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။

အဆိုတော် Ms. Hirahara Ayaka

"အိပ်မက်တွေ မိုးထားတဲ့အိမ်" ဇာတ်လမ်းတွဲမှာပါတဲ့ ဇာတ်ဝင်တေး "တကယ်လို့ " သီချင်းကို ရေးစပ်ခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ မိုရီဆာကီဝင်းနဲ့ တွဲဆိုခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဆိုတဲ့ သီချင်းက လူအများရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် အောင်မြင်သွားတဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို အနာဂတ်မှာ မြန်မာလူမျိုးတွေလက်ခံ သွားနိုင်မယ်ဆိုရင် ကျွန်မအနေနဲ့ဝမ်းသာမိပါတယ်။ ဒီနေ့ J series ပွဲတော်အတွက် ပူးပေါင်းဆောင်ရွက် ပေးတဲ့သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်။

သရုပ်ဆောင်အဆိုတော် မိုရီဆာကီဝင်း

ဂျပန်နိုင်ငံက ဒရမ်မာစီးရီးတွေကို မြန်မာနိုင်ငံမှာ ပြသခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ နောက်ပိုင်းလည်း ဆက်ပြီးအားပေးပါလို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံ ဒရမ်မာစီးရီးမှာ ပထမဦးဆုံး ပါဝင်တာဖြစ်ပါတယ်။ ကျွန်တော့် ဇာတ်လမ်းတွဲကို ပြသဖို့နီးလာပြီလို့ သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီပွဲ ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့တာဝန် ရှိသူအားလုံးကိုလည်း ကျေးဇူးတင် ပါတယ်။

ယခုနှစ် ဂျပန်-မြန်မာရုပ်ရှင်ပွဲတော် ၂၀၂၀ ကို ဖေဖော်ဝါရီ ၉ ရက်တွင် Thuwunna Bhumi Event Park ကျင်းပသွားမည်ဖြစ်ရာ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ Sophia EverestProject K အဖွဲ့၊ ဂျပန်နိုင်ငံမှ အဆိုတော် Ms. Hirahara Ayaka၊ သရုပ်ဆောင် အဆိုတော်မိုရီဆာကီဝင်းတို့က တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး ဂျပန် - မြန်မာကုမ္ပဏီများမှ ဆိုင်ခန်းများကို ကြည့်ရှုအားပေးရင်း ဂျပန် အစားအစာများကိုလည်း ဝယ်ယူ စားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။


တွေ့ဆုံမေးမြန်း - ရီရီမြင့်
ဓာတ်ပုံ- လှမိုး