Skip to main content

MSME များ ဖွံ့ဖြိုးတိုးတက်ရေး အားနည်းချက်များ ကိုယ်တိုင်ပြုပြင်

မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ ၄၀၀၀၀ ကျော်ရှိသည်။ အခြားကမ္ဘာ့နိုင်ငံများနည်းတူပင် မိမိတို့နိုင်ငံတွင်လည်း MSME များက အဓိကစီးပွားရေး မောင်းနှင်အားဖြစ်ရာ ပြည်တွင်း MSME များကို အားပေးမြှင့်တင်ခြင်းအားဖြင့် နိုင်ငံစီးပွားရေးမောင်းနှင်အားကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်း သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒကို ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့ရာ ကဏ္ဍအသီးသီးရှိ သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများသည် ဒေသတွင်းစီးပွားရေးကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းဆောင်ရည်ကောင်းများမြင့်မားလာပြီး နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးဆောင်သွားနိုင်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနည်းဥပဒေများ ထုတ်ပြန်နိုင်ခဲ့သည်။ အဆိုပါနည်းဥပဒေအရ သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ ချေးငွေရရှိ‌ရေး၊ နည်းပညာရရှိရေး၊ မှတ်ပုံတင်ရေး စသည့်တို့အတွက် နည်းလမ်းများပါရှိကြောင်း တွေ့ရသည်။

မြန်မာ MSME များနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန်အတွက် အားနည်းချက်များတွင် ကုမ္ပဏီဖွဲ့စည်းပုံအရ ပုဂ္ဂလိကကုမ္ပဏီများဖြစ်ခြင်း၊ လုပ်ငန်းဆိုင်ရာစီမံကိန်း၊ စီမံချက်များရေးဆွဲနိုင်ခြင်းမရှိ၊ ရောင်းဝယ်ရှုံးမြတ်၊ ဘဏ်စာရင်းဇယားများပြသနိုင်ခြင်းမရှိ၊ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုနိုင်ခြင်းမရှိခြင်း စသည်တို့ကို ပညာရှင်များကထောက်ပြလေ့ရှိကြသည်။ သို့ဖြစ်ရာ ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြှင့်တင်ရာတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း အားနည်းချက်များကို ပြုပြင်ကာ အားကုန်သုံး၍ ရုန်းနိုင်ရန်လည်းလိုမည်ဖြစ်သည်။

“အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၌ အားသာချက်များရှိသကဲ့သို့ ၎င်းတို့ဖြစ်တည် ရှင်သန်ရေးအတွက်လည်း လိုအပ်ချက်နှင့် အားနည်းချက်များစွာရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လုပ်သာ ကိုင်သာရှိသည့် စီးပွားရေးပတ်ဝန်းကျင် အခြေအနေကောင်းများလိုအပ်ခြင်း၊ ခေတ်မီလုံလောက်သည့် အခြေခံအဆောက်အဦများလိုအပ်ခြင်း၊ စွန့်ဦးတီထွင်လိုသူများ မဝံ့မရဲဖြစ်ခြင်း၊ ငွေကြေးအရင်းအမြစ်စရိတ်ကြီးမြင့်ခြင်းနှင့် မလုံလောက်ခြင်း၊ ရိုးရာနည်း (Traditional Technology) များကိုသာအသုံးပြုနေရခြင်း၊ သုတေသနဖွံ့ဖြိုးမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အထောက်အပံ့ရရှိမှုအားနည်းနေခြင်း၊ သုတေသနပြုပြီးနောက် ရရှိသည့်ရလဒ်များကိုလည်း ရောင်းတန်းဝင်အဆင့်မြှင့်တင်နိုင်မှုမရှိသေးခြင်း အစရှိသည့် ကန့်သတ်ချက်များ၊ အဟန့်အတားများရှိနေသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း။” မေ ၂၇ ရက်တွင်ကျင်းပသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ရာ အဆိုပါကန့်သတ်ချက်များ၊ အဟန့်အတားများတွင် နိုင်ငံတော်အဆင့်က ဆောင်ရွက်ပေး ရမည်ဖြစ်သကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များကလည်း အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

ပြည်တွင်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးသည် ရေရှည်တစိုက်မတ်မတ် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များဖြစ်ပြီး မဖြစ်မနေသန္နိဋ္ဌာန်စိတ်ဓာတ်ဖြင့် အကန့်အသတ်၊ အဟန့်အတားများကို ဖြေရှင်းကျော်လွှားကြရပါမည့်အကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်