လောကတွင် ကောင်းကျိုးတရားကို လိုလားသူတို့၏ ပူဇော်မှုကို ခံယူထိုက်သောသူတို့ကား ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အရိယသာဝက၊ ဆရာ၊ ဥပဇ္စျာယ်ဆရာ၊ အမိ၊ အဘစသည်တို့ဖြစ်သည်။ ပူဇော်ထူးကို ခံယူတော်မူထိုက်သော ဖော်ပြပါပုဂ္ဂိုလ်ခုနစ်ပါးတို့အား ကျွန်ုပ်တို့သည် အစဉ်ထာဝရ ရိုသေမြတ်နိုးဆည်းကပ်ကော်ရော် ရှိခိုးပူဇော်ကြရမည်ဖြစ်သည်။
မြတ်ဗုဒ္ဓသည် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ပရမတ္ထသဘာဝ၊ အဘိဓမ္မာသဘာဝ၊ နိယာမသဘာဝတို့ကို ထုတ်ဖော်၍ လူ၊ နတ်၊ ဗြဟ္မာတို့အား သိမြင်စေသောအားဖြင့် လောက၏မျက်လုံးကို ဖွင့်ပေးတော်မူသောကြောင့် အတုလံအတုမရှိ ကျေးဇူးတရားအလွန်ကြီးမားသဖြင့် ပူဇော်ထူးကို ခံယူတော်မူထိုက်ပါသည်။ ပစ္စေကဗုဒ္ဓသည် ပါရမီဖြည့်ကျင့်မှု၊ ကျင့်ကြံအားထုတ်မှုတို့ဖြင့် ဆရာမရှိ မိမိအလိုလို သစ္စာလေးပါးမြတ်တရားကို သိမြင်တော်မူ၍ ကိလေသာတို့မှ ကင်းစင်တော်မူသောကြောင့် ပူဇော်ထူးကို ခံယူတော်မူထိုက်ပါသည်။ အရိယသာဝကသည်လည်း သမ္မာသမ္ဗုဒ္ဓထံတွင် နည်းနာခံ၍ သစ္စာလေးပါးတရားသိကာ ကိလေသာတို့မှ ဝေးကွာသောကြောင့် ပူဇော်မှုကိုခံယူထိုက်ပါသည်။
သီလစသည် ပြည့်စုံ၍ ပိယစသော ဂုဏ်(၇)ပါးတို့ဖြင့် ဝန်းရံနေသော တစ်နည်းအားဖြင့် “န, လာဘကာမ” စသည် ဂုဏ်(၇)ပါးနှင့်ပြည့်စုံသော ဆရာသည်လည်း မိမိတပည့်သားမြေးတို့၏ စစ်မှန်သည့် အကျိုးစီးပွားကို လိုလိုလားလား ကျင့်ကြံတတ်၊ ဆောင်ရွက်တတ်သောကြောင့် ပူဇော်မှုကိုခံယူထိုက်ပါသည်။ ဥပဇ္စျာယ် ဆရာသည်လည်း မိမိ၏တပည့်သားမြေးတို့အကျိုးကို လိုလိုလားလား မိဘကဲ့သို့ပင် အနီးကပ်ကြည့်ရှုဆုံးမတတ်သည်ဖြစ်၍ ပူဇော်မှုကိုခံယူထိုက်ပါသည်။ အမိသည်လည်း သားသမီးတို့ကို မြတ်နိုးတတ်၊ မေတ္တာတရား ကြီးကြီးမားမားထားတတ်သောကြောင့် ပူဇော်မှုကိုခံယူထိုက်ပါသည်။ အဘသည်လည်း သားသမီးတို့ကို စောင့်ရှောက်ကျွေးမွေးတတ်သောကြောင့် ပူဇော်မှုကို ခံယူထိုက်ပါသည်။
သက်ရှိထင်ရှားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဆိုပါမြတ်ဗုဒ္ဓမှအစခုနစ်ပါးတို့အား ရိုသေမြတ်နိုးရှိခိုးပူဇော်ခြင်းဖြင့် ရရှိသည့်အကျိုးများကို မည်သည့်ပညာရှင်မျှ ပိုင်းခြား၍မပြနိုင်၊ များသောအကျိုးရှိသည်ဟု ဆိုနိုင်ပါသည်။ ရှိခိုးခြင်းသည် ဂုဏ်တော်ကိုထုတ်ဖော်မြွက်ဆိုခြင်း၊ စိတ်ဖြင့် အောက်မေ့ဆင်ခြင်ခြင်းတို့ပါဝင်သည်။ ဤသို့ဆိုလျှင် လွန်တော်မူပြီးသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီးသည် သာသနာ့အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးထမ်းဆောင် ခဲ့၍လည်းကောင်း၊ လိုက်နာအပ်သောအဆုံးအမတို့ဖြင့် လောက၏မျက်လုံးကိုဖွင့်ပေးသောကြောင့်လည်းကောင်း ပူဇော်မှုကိုခံယူထိုက်သော ပုဂ္ဂိုလ်မြတ်တစ်ပါးဖြစ်သည်။ ဆရာတော်ကြီးသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စသည့် သံဃာ့အဖွဲ့အစည်းများဖွဲ့စည်းနိုင်ရန် မူလသံဃာ့ဝန်ဆောင် ၆၆ ပါးအဖွဲ့၌ပါဝင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း လှည့်လည်ဟောပြောပြီး သာသနာပြုတာဝန်များကို ထမ်းဆောင်ခဲ့ခြင်း၊ ပထမအကြိမ်မှ ဆဋ္ဌမအကြိမ် ၂၀၁၀ ပြည့်နှစ် မတ်လအထိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှ နေ့အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ထမ်းရွက်တော်မူခဲ့သည်။
ထိုသို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတလဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ် စသည်တို့နှင့်ပြည့်စုံတော်မူ သောကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင် “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်နှင့် ၂၀၁၁ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်တို့ကိုဆက်ကပ်လှူဒါန်းခဲ့သည်။ ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးထမ်းရွက်တော်မူလျက်ရှိစဉ် သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
သာသနာ့ဦးသျှောင်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်သည်။ ပူဇော်မှုကိုခံယူထိုက်သော ပုဂ္ဂိုလ်မြတ်များတွင်ပါဝင်သည့် ဆရာတော်ကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို အောက်မေ့ဆင်ခြင်၍ ဂုဏပူဇာဂုဏ်ကျေးဇူးတို့ကို လေးမြတ်စွာပူဇော်လိုက်ရပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်