Skip to main content

အချိန်အခါမလင့် ပညာသင်ယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း‌ဆောင်ရွက်

၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိသည် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည်။ ယနေ့တွင် ကျောင်းအပ်နှံပြီးနောက် မနက်ဖြန်(ဇွန်လ ၁ ရက်နေ့)တွင် ကျောင်းသား ကျောင်းသူအားလုံး တူတူညီညီ ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ကြရတော့မည်ဖြစ်သည်။ ကလေးသူငယ် လူငယ်လူရွယ်များ၏ အဓိကအလုပ်မှာ ပညာသင်ကြားရေးဖြစ်၍ ယခုလိုကျောင်းဖွင့်ရာသီတွင် အားလုံးတူညီလှုပ်ရှား နိုးကြားတက်ကြွနေကြသည့်မြင်ကွင်းများမှာ အားတက်စရာဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ပညာရေးကို အားပေးမြှင့်တင်ပေးလျက်ရှိရာတွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေမြဲရေး၊ အတန်းကူးပြောင်းမှုနှုန်းမြင့်မားရေး၊ အနည်းဆုံး(သူငယ်တန်း+ ဒွါဒသမတန်း အတန်းစဉ်မှ)နဝမတန်းအထိ သင်ယူပြီးမြောက်ရေးတို့ကို အလေးအနက်ထားပြီး အင်တိုက်အားတိုက်ဆောင်ရွက်ပေးနေသည်။ ယနေ့အချိန်အခါတွင် အခက်အခဲအကြောင်းအမျိုးမျိုးရှိနေသည့် ကလေးသူငယ်များမှလွဲ၍ အခြေခံပညာ ကျောင်းသားကျောင်းသူများအားလုံးနီးပါး ကျောင်းအပ်နှံပြီးလောက်ပြီဖြစ်သည်။ ယခုကျောင်းအပ်နှံရေးသီတင်းပတ်တွင် မုန်တိုင်းသင့်ဒေသများမှ ကျောင်းသား ကျောင်းသူများအနေဖြင့် အခက်အခဲများရှိနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မေလ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအတွက် အရေးပေါ်အစည်းအဝေးတွင် မုန်တိုင်းထိခိုက်သည့်ဒေသများ၌ ပြင်ဆင်မှုများဆောင်ရွက်ပေးရာတွင် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။ အလွန့် အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မေလ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့သည်။ ထိုနေ့တွင်ပင် နိုင်ငံ‌တော်အကြီးအကဲက သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဦးစားပေးအနေဖြင့် အများနှင့်သက်ဆိုင်သော ပညာသင်ကြားရေးဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းများကို ဦးစားပေးပြုပြင်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ် မေလကျောင်းအပ်နှံရေးရာသီတွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စာသင်ကျောင်းများ အမြောက်အမြားပျက်စီးသွားခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မုန်တိုင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရသည့် စာသင်ကျောင်းများ၊ အထူးသဖြင့် အခြေခံပညာအထက်တန်းကျောင်းများကို အထူးဦးစားပေး ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် စာသင်ကျောင်းအများစုကို မူလအခြေအနေတိုင်း ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်။ နိုင်ငံတော်အစိုးရက မုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများမှ ပြည်သူများ၏ လူမှုဘဝများ မူလအခြေအနေသို့ပြန်လည်ရောက်ရှိအောင် အထူးကြိုးပမ်းတည်ဆောက်ပေးလျက်ရှိပြီး များသောအားဖြင့် ကျောင်းများပြန်လည်တက်ရောက်၍ ပညာသင်ကြားနိုင်ရန် အဆင်သင့်ဖြစ်နေပြီ။

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေမြဲရေး၊ အတန်းကူးပြောင်းမှုနှုန်းမြင့်မားရေး၊ အနည်းဆုံး(သူငယ်တန်း+ဒွါဒသမတန်းအတန်းစဉ်မှ) နဝမတန်းအထိပညာသင်ကြားနိုင်ရေးတွင် အခြေခံပညာကျောင်းသား ကျောင်းသူအားလုံး၏ အုပ်ထိန်းသူမိဘများ ယခင်ခေတ်ကာလများက ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့သည့် ကျောင်းအပ်ရာသီစရိတ်စကအားလုံး လုံးဝကင်းလွတ်ခဲ့ပြီဖြစ်သည်။ ကျောင်းသား ကျောင်းသူများ လိုအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံအစရှိသည့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများပါ အခမဲ့ထောက်ပံ့ပေးသည့်အပြင် ဆင်းရဲနွမ်းပါးသည့် ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို ပညာသင်စရိတ်များ ထောက်ပံ့ပေးထားသည်။

နိုင်ငံတော်အကြီးအကဲက မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများ တစ်ယောက်မကျန် ကူညီဖြည့်ဆည်းပေးနိုင်ရေးကို လမ်းညွှန်မှာကြားထားသလို နိုင်ငံတော်၏ ပညာရေးမူဝါဒဖြစ်သည့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးအတွက် မုန်တိုင်းသင့်ဒေသများမှ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းတက်နိုင်ရေးကို အလျင်အမြန်ဆောင်ရွက်ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ်အတွင်း ၁၇ မြို့နယ်တွင် ကျောင်းပေါင်းသုံး‌ထောင်ကျော်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် ကျောင်းအများစုမှာ ပျက်စီးခဲ့သည်။ ယခု ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်သည့်အခါ ကျောင်းပေါင်း ၂၄၁၀ ကို အချိန်မီဖွင့်လှစ်သွားရန် ဆောင်ရွက်ထားသည်။ သို့ဖြစ်ရာ ယခုနှစ်ကျောင်းဖွင့် ရာသီတွင် နိုင်ငံတစ်ဝန်း၌ ကျောင်းများအားလုံးဖွင့်လှစ်၍ ကျောင်းတက်ပညာသင်ကြားနိုင်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်