နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် ပြည်ပသွင်းကုန်များကို မှီခိုအားထားနေရသည်။ ပြည်တွင်း၌ ကုန်ကြမ်းပစ္စည်းများ အမြောက်အမြားထွက်ရှိသော်လည်း နည်းပညာ၊ အတတ်ပညာ၊ အရင်းအနှီး၊ ထုတ်လုပ်မှုစွမ်းပကားနှင့် စီမံခန့်ခွဲမှုလိုအပ်ချက်များရှိသောကြောင့် စီမံကိန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခြင်းမရှိပေ။
နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးတွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် သံနှင့်သံမဏိကုန်ပစ္စည်းများကို နှစ်စဉ်တန်ချိန် နှစ်သန်းခန့် ပြည်ပမှတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေအမြောက်အမြား ကုန်ကျလျက်ရှိသည်။ သံသေတစ်ပြည်ဝဆိုသကဲ့သို့ သံကိုနိုင်နိုင်နင်းနင်း ထိထိရောက်ရောက် ထုတ်လုပ်အသုံးချနိုင်သဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံများကို မြင်တွေ့ရသည်မှာ အားရစရာဖြစ်သည်။ မြန်မာနိုင်ငံတွင် သံ၊ သံမဏိ၊ အဖြိုက်နက်၊ ကြေးနီ၊ ဘော် စသည့် တွင်းထွက်သတ္တုကုန်ကြမ်းများထွက်ရှိသော်လည်း ထိရောက်စွာထုတ်လုပ်နိုင်ခြင်းမရှိပေ။ အစိုးရများက တွင်းထွက်သတ္တုစီမံကိန်းများကို အကောင်အထည်ဖော်ခဲ့သော်လည်း အခက်အခဲ အကြောင်းအမျိုးမျိုးရှိခဲ့သည်။
မြန်မာနိုင်ငံတွင် စက်မှုဝန်ကြီးဌာန အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)ကို မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆားခါးကျေးရွာအနီး၌ ၂၀၀၄ ခုနှစ်တွင် စာချုပ်ချုပ်ဆို အကောင်အထည်ဖော်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် သံမဏိအလုပ်ရုံမှ သံမဏိပြားတန်ချိန် ၂၀၀၀ ကို စတင်ထုတ်လုပ်နိုင်ခဲ့သည်။ သံမဏိစက်ရုံ (မြင်းခြံ) တွင် စက်ရုံတည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၀ ရာခိုင်နှုန်းကျော် စုစည်းထားပြီးဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ (၇/၂၀၁၇) ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်များအရ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရပ်တန့်ခဲ့သည်။
၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့မှစ၍ စီမံကိန်းရပ်ဆိုင်းခဲ့ရစဉ် ရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း ၄၀၃၉၃၂ ဒသမ ၈၈၂ သန်းရှိပြီး စီမံကိန်းပြီးစီးမှုရာခိုင်နှုန်း ၆၆ ဒသမ ၅၂ ရာခိုင်နှုန်းရှိခဲ့သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စီမံကိန်းကြီးတစ်ခု ရပ်တန့်ခဲ့ရသည့်အတွက် နိုင်ငံတော်၏ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီး စီမံကိန်းချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် ဆက်လက်ပေးဆပ်ခဲ့ရကြောင်းသိရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက တည်ဆောက်အကောင်အထည်ဖော်ခဲ့ကြသောစီမံကိန်းများ အကြောင်းအမျိုးမျိုးဖြင့် ရပ်ဆိုင်းခဲ့ရခြင်းသည် နိုင်ငံအတွက်များစွာထိခိုက်ဆုံးရှုံးမှုပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သံနှင့်သံမဏိကုန်ကြမ်းများထွက်ရှိသော်လည်း စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်နိုင်ခြင်းမရှိသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။ သံနှင့်သံမဏိသည် နိုင်ငံအတွက်အရေးကြီးလိုအပ်ချက်ဖြစ်၍ သံနှင့်သံမဏိ ထုတ်လုပ်ရေးစီမံကိန်းများ အောင်မြင်ပြီးစီးပါက ပြည်ပမှသံနှင့်သံမဏိတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်ပဈေးနှုန်းထက် သက်သာစွာဖြင့် ပြည်တွင်း၌ ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူသည့်ကာလ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင်ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ဆုံးဖြတ်ချက်အရ သံမဏိစီမံကိန်းများကို ပြန်လည်စိစစ်၍ လုပ်ငန်းများ ပြန်လည်စတင်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ လာရောက်စစ်ဆေးစဉ် စက်ရုံစီမံကိန်းများကို စနစ်တကျဖြင့် အပိုင်းလိုက်တည်ဆောက်၍ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်းမှာကြားခဲ့သည်။ သံနှင့်သံမဏိစက်ရုံစီမံကိန်းလုပ်ငန်းများကို လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ သံရည်ကျို အလုပ်ရုံ(၁)ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ၎င်းစက်ရုံလည်ပတ်နေချိန်တွင် အလုပ်ရုံ(၂) စီမံကိန်းကြီးတစ်ခုလုံး လည်ပတ်နိုင်ရေးအတွက် အဆင့်လိုက်ဆောင်ရွက်သွားမည်ဟု သိရသည်။
သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးအတွက် အဓိကကျသည့် သံနှင့်သံမဏိလုပ်ငန်းများ ပြန်လည်နိုးကြားလာစေရန်နှင့် မြန်မာ့စက်မှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန် ပြန်လည်လည်ပတ်နေပြီဖြစ်သော သံမဏိစက်ရုံစီမံကိန်းသည် နိုင်ငံ့ခွန်အားတစ်ရပ်အဖြစ် အားဖြည့်ပေးနေပြီဖြစ်ပါကြောင်း။ ။