Skip to main content

ဒီရေတောများ ကာကွယ်ထိန်းသိမ်း စိုက်ပျိုးပြုစုရာတွင် စုပေါင်းပါဝင်

မြန်မာနိုင်ငံသည် ဒီရေတောအများအပြားရှိသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောအများဆုံးပိုင်ဆိုင် ထားသည့်နိုင်ငံဖြစ်သည်။ ဒီရေတောများသည် ပင်လယ်ကမ်းရိုးတန်း ကမ်းဦးရေတိမ်ပိုင်းကမ်းတက်မြေများနှင့် ပင်လယ်ဒီရေဝင်ရောက်သော မြစ်ချောင်းကမ်းစပ်များတွင် သဘာဝအလျောက် ပေါက်ရောက်နေသောတောများဖြစ်ပြီး လူနှင့် အခြားသက်ရှိဇီဝမျိုးစုံတို့အတွက် လွန်စွာအရေးပါသည့်တိုင် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးဆုံးရှုံးနေရသည့် သယံဇာတများလည်းဖြစ်သည်။

ဒီရေတောတွင် ပေါက်ရောက်သော အပင်များသည် တန်ဖိုးမရှိဟု သာမန်အားဖြင့် ထင်မြင်ရသော်လည်း ၎င်းအပင်များ၏ ထူးခြားသောအမြစ်များနှင့် တစ်စုတစ်ဝေးတည်း ထူထပ်စွာပေါက်ရောက်မှုတို့ကြောင့် ဒီရေလှိုင်းများ၏ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိပြီး ကမ်းပြိုမှုကို ကာကွယ်ပေးနိုင်သည်။ ဒီရေတောများအတွင်း ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေသတ္တဝါများ ရှင်သန်ကျက်စားခြင်း၊ သားပေါက်မျိုးပွားခြင်းတို့ကြောင့် ငါး၊ ပုစွန် စသော ရေထွက်သယံဇာတများကို တိုးပွားစေနိုင်သည်။ ထို့အပြင် ဒီရေတောများသည် ပင်လယ်ထဲသို့ စီးသွားမည့်အညစ်အကြေး၊ အနယ်အနှစ်များကို စစ်ယူထားသည့်နေရာများလည်းဖြစ်ပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွင် အရေးပါသည့် ကာဗွန်ကို အဓိကသိုလှောင်ထားရာနေရာများလည်းဖြစ်သည်။ ဒီရေတော၏ အောက်ခြေသည် ငါး၊ ပုစွန်၊ ကဏန်းနှင့် အခွံမာရေသတ္တဝါများ၊ နို့တိုက်သတ္တဝါများ၊ တွားသွား သတ္တဝါများနေထိုင်ကြသကဲ့သို့ သစ်ပင်များထက်တွင်လည်း ကမ်းရိုးတန်းငှက်မျိုးစိတ်အများအပြားနှင့် ရွှေ့ပြောင်းနေထိုင်သော ငှက်မျိုးစိတ်များ ကောင်ရေထောင်နှင့်ချီ၍ ရှင်သန်နေထိုင်ကျက်စားလျက်ရှိရာ ဒီရေတောများသည် မုန်တိုင်း၊ ဒီရေလှိုင်း၊ ဆူနာမီ စသည့်သဘာဝဘေးအန္တရာယ်တို့မှ ကာကွယ်ပေးနိုင်သည့် အစိမ်းရောင်တံတိုင်းကြီးများဖြစ်ကြပြီး ဇီဝမျိုးစုံမျိုးကွဲများ၏ အစိမ်းရောင်ကမ္ဘာငယ်များဟုလည်း ဆိုနိုင်သည်။

ဒီရေတောများ ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းများတွင် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်း၍ လယ်မြေများအဖြစ်ပြောင်းလဲခြင်း၊ ပုစွန်ကန်၊ ငါးကန်များတူးဖော်ခြင်း၊ ဆားကွင်းများအဖြစ် ပြောင်းလဲခြင်း၊ မျောတိုင်များခုတ်ယူခြင်း၊ ထင်းမီးသွေးထုတ်ယူခြင်း စသည်ဖြင့် အလွန်အကျွံထုတ်ယူ ခြင်းများကြောင့်ဖြစ်သည်ဟုဆိုသည်။ ဒီရေတောများ၏ တန်ဖိုးနှင့် အရေးပါပုံတို့ကို ဒေသခံပြည်သူများနှင့် ဒီရေတောကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုနေကြသူများက ကောင်းစွာသိရှိနားလည်ကြသည့်အလျောက် ထိန်းသိမ်း စောင့်ရှောက်သွားလိုကြပြီး ပြင်ပမှလာရောက်၍ ခုတ်လှဲထုတ်ယူမှုများ၊ အခြားစီးပွားရေးလုပ်ငန်းများအတွက် ခုတ်ထွင်ရှင်းလင်းမှုများကို ထိထိရောက်ရောက် တားဆီးပေးစေလိုကြသည်များရှိကြောင်းကိုလည်း သိရှိရသည်။

ယခုအခါ သဘာဝဘေးအန္တရာယ်များကာကွယ်ရေးတွင် အရေးပါသော သဘာဝဒီရေတောများ မပျက်စီးမလျော့နည်းစေရန် ကာကွယ်ထိန်းသိမ်းပြီး ဒီရေတောပေါက်ရောက်ရာ ဒေသကြီးများဖြစ်သည့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့အပါအဝင် ဒေသများတွင် ဒီရေတောများကို စိုက်ပျိုးလျက်ရှိသည်။ ကမ်းရိုးတန်းဒေသများ ကမ်းပြိုမြေပြိုတိုက်စားခံရမှုမှကာကွယ်ရေး၊ ရေလှိုင်းဒဏ်နှင့် မုန်တိုင်းဒဏ်တို့မှ ကာကွယ်ရေး၊ ငါး ပုစွန် ရေသယံဇာတများ ပေါများရေးတွင် အရေးပါ သည့် ဒီရေတောများ မပျက်မစီးစေရန်ထိန်းသိမ်းရာတွင်လည်းကောင်း၊ ဒီရေတောများ ထပ်မံစိုက်ပျိုးရာတွင်လည်းကောင်း၊ ဒေသခံပြည်သူများ၊ အစုအဖွဲ့များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရပါမည့်အကြောင်း။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်