Skip to main content

လူမှုကွန်ရက်ပေါ်မှ လှည့်ဖြားအသုံးချမှုများ သတိထား

မျက်မှောက်ကာလတွင် အများပြည်သူတို့အနေဖြင့် လူမှုကွန်ရက်ပေါ်မှ နည်းပညာများနှင့် ဆိုရှယ်မီဒီယာများကိုအသုံးပြုနေကြသည်။ လူမှုကွန်ရက်သည် အများပြည်သူတို့ ပြောဆိုဆက်နွှယ်မှု၊ လူမှုစီးပွားဘဝများချိတ်ဆက်ဆောင်ရွက်မှု၊ သတင်းအချက်အလက်နှင့်အသိပညာဗဟုသုတများ မျှဝေခံစားမှုတို့ကို ပြုလုပ်သည့်နေရာဖြစ်သည်။ လူမှုကွန်ရက်သည် လူသားကမ္ဘာတွင် ကောင်းကျိုးများကိုဆောင်ကြဉ်းနိုင်ရန် ဖန်တီးထားသည့် နည်းပညာကွန်ရက်တစ်ခုဖြစ်သည်။

သို့သော် လောကတွင် အကောင်း/အဆိုးတို့သည် ဒွန်တွဲဖြစ်ပေါ်နေလေ့ရှိသည်။ ကောင်းကျိုးများကိုအကြောင်းပြု၍ ဆိုးကျိုးများလည်း တွဲဖက်ပါလာတတ်သည်။ ပြည်သူတို့အနေဖြင့် လူမှုကွန်ရက်ကို အသုံးပြုကြရာ၌ မိမိတို့ဘဝအတွက် အနှောင့်အယှက်အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်တို့ကို သတိပြုရမည်ဖြစ်သည်။ နိုင်ငံရေးတွင်အများပြည်သူတို့ကို မှိုင်းတိုက်သွင်းပြီး လမ်းမှားရောက်အောင်ပို့ဆောင်ပေးနေသည့် လိမ်ညာလှည့်ဖြားမှုများ၊ မမှန်ကန်သောသတင်းအချက်အလက်များ၊ ချဲ့ကားဝါဒဖြန့်မှုများစသည်တို့ကို သတိပြုရမည်ဖြစ်သည်။ စီးပွားရေးတွင် လိမ်လည်လှည့်ဖြားပြီး အမြတ်ထုတ်လိုသည့်စီးပွားရေးလုပ်ငန်းများ၊ လောင်းကစားမှုအမျိုးမျိုး၊ လူမှုရေးတွင်လိမ်လည်လှည့်ဖြားပြီး ကိုယ်ကျင့်သိက္ခာဖောက်ဖျက်မှုများ၊ လူကုန်ကူးမှုများကို အထူးသတိပြုကြရမည်ဖြစ်သည်။

အထူးသဖြင့် လူမှုကွန်ရက်ပေါ်မှအကြောင်းအရာများကို ကြည့်ရှု၍ စိတ်ခံစားချက်များကို ထုတ်ဖော်တတ်ကြသည်။ လက်ရှိအခြေအနေအရ နိုင်ငံရေးကို အကြောင်းပြု၍ အွန်လိုင်းပေါ်၌ ဝေဖန်ပြောဆိုရှုတ်ချမှုများ၊ အားပေးအားမြှောက် ပြုလုပ်မှုများစသည်ဖြင့် တစ်မျိုးမဟုတ်တစ်မျိုး ပြုလုပ်တတ်ကြသည်။ ထိုအခါ မိမိတို့ဆောင်ရွက်မှုများသည် ဥပဒေနှင့်ငြိစွန်းမှုရှိ/မရှိ သတိပြုမိဖို့လိုသည်။ ဥပမာအားဖြင့် အကြမ်းဖက်ဆောင်ရွက်မှုတစ်မျိုးမျိုးနှင့်ပတ်သက်သည့် အကြောင်းအရာ တစ်ခု၏အောက်တွင် မှတ်ချက်တစ်ခုခုပေးသည့် ထောက်ခံမှု၊ အားပေးအားမြှောက်မှုပြုလုပ်သည့်အခါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်ငြိစွန်းပြီး အရေးယူခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

စီးပွားရေးဘက်တွင် တစ်ဦးနှင့်တစ်ဦး ထိခိုက်နစ်နာအောင်အပုပ်ချမှုများ၊ မမှန်မကန်စွပ်စွဲဝေဖန်ပြောကြားမှုများ၊ လိမ်ညာမှုများသည် ဥပဒေနှင့်ငြိစွန်းသဖြင့် တရားစွဲခြင်း၊ အရေးယူခြင်းခံရနိုင်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ ယခု ၂၀၂၃ ခုနှစ်အထိ အွန်လိုင်းပေါ်တွင် အသရေဖျက်မှု ၂၄၈၅ မှု၊ ၂၀၁၉ ခုနှစ်မှ ယခု ၂၀၂၃ ခုနှစ်အထိ အွန်လိုင်းပေါ်မှ လိမ်လည်မှု ၅၂၆ မှုဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်သူများသည် အွန်လိုင်းကို အဓိကအားထားအသုံးပြုကြသည်။ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို နမူနာပြရောင်းဝယ်ဖောက်ကားကြသည်။ သို့သော် အချို့ဝိသမလောဘသားများသည် ကောင်းရောင်းကောင်းဝယ် ပြုလုပ်နေကြသူများနည်းတူ ဟန်ဆောင်လိမ်ညာသော တစ်ကွက်ချန်နည်းလမ်းများဖြင့် လှည့်ဖြားရောင်းချခဲ့ကြရာ ပြည်သူများအလိမ်မိ၍ နစ်နာသူများစွာရှိသည်။ အွန်လိုင်းပေါ်မှ စီးပွားရေးလိမ်ညာမှုများသည် မြန်မာနိုင်ငံရှိ ပြည်သူများအပြင် ခေတ်မီသည့်နိုင်ငံကြီးများပါ ဖြေရှင်း၍မရနိုင်လောက်အောင် အွန်လိုင်းလိမ်လည်မှုများ ကြီးထွားလာနေသည်ကို တွေ့ရမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်မှစတင်ပြီး အွန်လိုင်းပေါ်တွင် အကြမ်းဖက်အားပေးမှုများနေ့စဉ် မြင်တွေ့ရလျက်ရှိသည်။ အကြမ်းဖက်သမားများ၊ အကြမ်းဖက်သမားအားပေးသည့် မီဒီယာများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများကို နေ့စဉ်မြင်တွေ့နေရသည်။ ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများနှင့်ပတ်သက်၍ မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ၊ ထောက်ခံ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တစ်နည်းနည်းဖြင့် အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်/မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား ဥပဒေအရ သိမ်းဆည်းခံရနိုင်သည်ကို အသိပေးထားသည်။

သို့ဖြစ်ရာ မျက်မှောက်ကာလတွင် လူမှုကွန်ရက်အမျိုးမျိုးတို့သည် ပြည်သူများကြားတွင် အလွန့်အလွန်ခေတ်စားလာပြီး ပြည်သူအများစုမှာ တွင်ကျယ်စွာအသုံးပြုနေကြသည်။ ထိုသို့အသုံးပြုကြရာတွင် မိမိတို့၏ကောင်းကျိုးအမျိုးမျိုးတို့ကို ကောင်းသောနည်းလမ်းများဖြင့် အသုံးပြုကြရန်လိုအပ်ပြီး ယခုအခါအွန်လိုင်းပေါ်၌ တွင်ကျယ်စွာအသုံးချနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့နှင့်ပတ်သက်သည့် လိမ်ညာလှည့်ဖြားမှုအန္တရာယ်များကိုလည်း အထူးသတိပြုရှောင်ရှားကြရန် လိုအပ်ပါကြောင်း။     ။

ကြေးမုံ,အယ်ဒီတာ့အာဘော်