Skip to main content

ပြည့်အင်အား

အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တစ်လပြည့်မြောက်သည့်အချိန်တွင် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်မှု အခြေအနေမှာ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိနေသည်ကို တွေ့မြင်နေကြရပြီဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာထားသည့် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံ မြို့နယ်များ၊ ချင်းပြည်နယ်မှ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်များတွင် မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြခြင်းဖြစ်သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ အထိ အင်အားအလွန်ပြင်းထန်ကာ အဖျက်စွမ်းအားကြီးမားခဲ့ပြီး ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေအနီးမှ ဖြတ်သန်းခဲ့ခြင်းကြောင့် အပျက်အစီးပမာဏ လွန်စွာများပြားခဲ့သည်။ သို့ရာတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသမျှမှာ မရွှေ့မပြောင်းနိုင်သော အဆောက်အအုံ၊ အိမ်ရာ၊ လမ်းတံတား၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး၊ သာသနိက အဆောက်အအုံများ၊ သစ်ပင်များ စသည်တို့ဖြစ်ပြီး လူထိခိုက်ဆုံးရှုံးမှုမှာ မုန်တိုင်း၏ ပမာဏနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးသာဖြစ်ခဲ့သည်။ ဤသည်မှာ မုန်တိုင်းမဝင်မီကာလကပင် နိုင်ငံတော်အဆင့် ဆောင်ရွက်ခဲ့သည့် ကြိုတင်ပြင်ဆင်မှု၊ အချိန်နှင့်တစ်ပြေးညီ သတိပေးမှု၊ အသိပညာပေးမှုများနှင့် ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကြောင့် ရရှိလာသည့် ရလဒ်ဖြစ်သည်။

အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁၄၈ ဦး သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၅၂၂ ဘီလီယံခန့်ရှိရာ နိုင်ငံတကာ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများက မြန်မာနိုင်ငံတွင် ဆုံးရှုံးမှုကြီးမားမည်ဟု ခန့်မှန်းခဲ့ကြခြင်းဖြစ်သော်လည်း စည်းလုံးညီညွတ်စွာဖြင့် ကြိုတင်ပြင်ဆင်မှုများကို ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်ခဲ့သည်။ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြည်း၊ ရေ၊ လေ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များက အင်တိုက်အားတိုက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည်။ အချို့အသက်ပေးခဲ့ရသည်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သော အပျက်အစီးများကို ရွပ်ရွပ်ချွံချွံ ရှင်းလင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ဇွန် ၁၄ ရက်က စစ်တွေမြို့လောကာနန္ဒာစေတီတော်ဝင်းအတွင်းရှိ သာသနာ့ဗိမာန်၌ ကျင်းပခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် “ကိုယ်ကျိုးစွန့် အနစ်နာခံ၍ အနေအစားဆင်းရဲစွာဖြင့် မုန်တိုင်းထိခိုက်ခဲ့သောနေရာများတွင် အားတက်သရော ဝင်ရောက်ကူညီကြသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များအပေါ် အလျဉ်းသင့်သလို ဂုဏ်ပြုပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် မှာကြားခဲ့ကြောင်း။ ယခုကဲ့သို့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် မုန်တိုင်းတိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုမြင်ကွင်းနှင့် ယခုတစ်လပြည့်ကာလ ပြန်လည်ထူထောင်ပြီးစီးမှုမြင်ကွင်းသည် ဝမ်းသာအားရ ကျေနပ်ဖွယ်ပြောင်းလဲနေသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်၏အစီအမံဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တွင်းနှင့် ရပ်ကွက်အလိုက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရသည့်အတွက် အသိအမှတ်ပြုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အား မူလအခြေအနေထက် ပိုမိုကောင်းမွန်ရမည်ဟူသော နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပြည်တွင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ ဆောင်ရွက်နေခြင်းဖြစ်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်သူများကလည်း တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။