အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇွန်လ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ဒေသများသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များအနေဖြင့် ကိုယ်ကျိုးစီးပွားကိုလျစ်လျူရှု၍ အနစ်နာခံပြီး အားကြိုးမာန်တက် စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် အသိအမှတ်ပြုဂုဏ်ပြုခဲ့သည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်ကြေညာပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လျင်လျင်မြန်မြန် ဆောင်ရွက်ပေးခဲ့သည်။ မုန်တိုင်းကြောင့် လူ ၁၄၈ ဦး သေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့ရာ စုစုပေါင်းဆုံးရှုံးမှု ငွေကျပ် ၅၂၂ ဘီလီယံခန့်ရှိသည်။ မုန်တိုင်းကြောင့် သေဆုံးသူအများစုမှာ အချိန်မီရွှေ့ပြောင်းနိုင်ရန် တာဝန်ရှိသူများ၏စီမံမှုအပေါ် ငြင်းဆန်ခဲ့မှုများကြောင့် မဖြစ်သင့်သောအသက်သေဆုံးမှုများဖြစ်ခဲ့သည်။
မုန်တိုင်းနှင့်ပတ်သက်၍ အာဆီယံအပါအဝင် နိုင်ငံတကာက ပြင်းထန်၍ကြီးမားသောဆုံးရှုံးမှုဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း နိုင်ငံတော်အကြီးအကဲက ဦးဆောင်ကြိုတင်ပြင်ဆင်၍ အမြော်အမြင်ရှိစွာ စီမံဆောင်ရွက်ခဲ့သောကြောင့် အင်အားအလွန့်အလွန်ပြင်းထန်သော်လည်း ထိခိုက်ဆုံးရှုံးနိုင်ခြေကို အနည်းဆုံးသို့ လျှော့ချနိုင်ခဲ့သည်။ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ခဲ့သည့် မေလ ၆ ရက်နေ့မှစတင်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ပြည်သူများတစ်ဦးတစ်ယောက်မျှမကျန် ဘေးအန္တရာယ်ကင်းရှင်းစေရန် ပြင်ဆင်စုဖွဲ့မှုများ၊ မိုးလေဝသ သတင်းများ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်မှုများ၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏တိုင်းထွာချက်များအရ သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုများနှင့်အညီ သတ်မှတ်ချိန်ထက်စော၍ မုန်တိုင်းအဆင့် အနီရောင်သတ်မှတ်ချက်ကို ကြေညာခဲ့သဖြင့် အချိန်စောစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့သောကြောင့် ထိခိုက်သေဆုံးဆုံးရှုံးမှုများ အနည်းဆုံးအခြေအနေသို့လျှော့ချနိုင်ခဲ့သည်။ မုန်တိုင်းလွန်ကာလတွင်လည်း ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောလျင်ထိရောက်စွာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတာဝန်ရှိသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ အားတက်သရော ပါဝင်ကူညီကြသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များအား အလျဉ်းသင့်သလို ဂုဏ်ပြုပေးရန် နိုင်ငံတော်အကြီးအကဲက မှာကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီသည့် အလေ့အထများရှိကြပြီး အထူးသဖြင့် ပြည်သူများ အတိဒုက္ခရောက်နေချိန်တွင် အားလုံးတူညီစိတ်ထားဖြင့် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ အနေအစားဆင်းရဲစွာဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ကြသည်။ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ရာတွင် မုန်တိုင်းမဖြစ်မီ၊ ဖြစ်ပေါ်စဉ်၊ ဖြစ်ပေါ်ပြီး ကာလသုံးခုစလုံးတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ အားတက်သရော စွန့်စွန့်စားစား အနစ်နာခံကာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ စွမ်းစွမ်းတမံ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် မုန်တိုင်းတိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုမြင်ကွင်းများနှင့် တစ်လပြည့်ပြီးကာလ မြင်ကွင်းများမှာ သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်နေသည်ကို တွေ့ရမည် ဖြစ်သည်။
နိုင်ငံတော်၏စီမံဆောင်ရွက်မှုများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖော်ပြပါအဖွဲ့အစည်းများနှင့်အတူ မြို့တွင်းနှင့် ရပ်ကွက်အလိုက် ဒေသခံပြည်သူများလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများအား အသိအမှတ်ပြုရမည်ဖြစ်သည်။ ဒေသအကျိုးကို ဆောင်ရွက်ရာတွင် ပြည်သူသည် ထာဝရ၊ ဝန်ထမ်းသည် တစ်ခဏသာဖြစ်၍ မိမိရပ်ရွာအကျိုးကို မိမိတို့ကိုယ်တိုင် နိုင်ငံတစ်ဝန်းလုံးအနေဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော ဆိုစကားနှင့်အညီ မြန်မာပြည်သားအားလုံး စည်းလုံးညီညွတ်မှုနှင့် စေတနာသန့်ရှင်းသည့် ကောင်းမွန်သောပူးပေါင်းလက်တွဲဆောင်ရွက်နိုင်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ပြင်ဆင်ဆောင်ရွက်နိုင်သကဲ့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်မှုများသည် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအကျိုးရလဒ်များပင်ဖြစ်ပါကြောင်း။ ။