Skip to main content

စက်ဘီးစီးခရီးစဉ်အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ  ၁၂

စက်ဘီးစီးခရီးစဉ်အတွက် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၂ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးခင်လတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ အတွင်းရေးမှူး ဦးကျော်မင်းသန်း တို့ က ဆွေးနွေး ပြောကြားရာတွင် အဆိုပါစက်ဘီးစီးခရီးစဉ်ကို ကြိုတင်သိရှိနိုင်ပါရန်နှင့် လမ်းခရီးတွင် လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် ရှေးပြေးမော်တော်ယာဉ် - မော်တော်ဆိုင်ကယ်  စီစဉ်မှုများ အပါအဝင် အခြားသော လိုအပ်သည်များကို ဝိုင်းဝန်ပံ့ပိုး ကူညီဆောင်ရွက် ပေးနိုင်ပါရန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စက်ဘီးစီးခရီးစဉ်တွင် အီတလီနိုင်ငံ Veneto ဒေသ Porto  Viro မှ ခရီးသည် (၄)ဦးပါ စက်ဘီးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ (၁၄)ရက် မှစတင်၍ (၂၁)ရက်အထိ မန္တလေး၊ အမရပူရ၊ မြင်းခြံ၊ ပုဂံ ခရီးစဉ်ကို လည်းကောင်း၊ ဇန်နဝါရီ(၂၃) ရက်မှ (၂၉)ရက်အထိ အင်းလေး၊ ပင်းတယ၊ ကလော၊ အောင်ပန်း၊ ရမည်းသင်း၊ နေပြည်တော် ခရီးစဉ်ကိုလည်းကောင်း၊ စက်ဘီးများ စီး၍ လည်ပတ်ပြီး ဖေဖော်ဝါရီ(၅)ရက်တွင် ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ လေယာဉ်ခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာ သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)