ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အရှိန်အဟုန် မကျသေးဘဲ မြင့်တက်နေဆဲဖြစ်သည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ သန်းပေါင်း ၂၀ ကျော် ရှိလာပြီး သေဆုံးသူ တစ်သန်းနီးပါးသို့ ချဉ်းကပ်လာသည်ကို တွေ့ရပါသည်။ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ဗိုင်းရပ်စ်ပိုးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ကြိုးစားအားထုတ် နေကြရာ၌ ပြည်သူများ စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှုတို့အပေါ် မူတည်၍ ရောဂါအနည်း အများ ဖြစ်ပေါ်မှုကို မြင်တွေ့နိုင်ပါသည်။
နိုင်ငံတကာသုတေသန တွေ့ရှိချက်များအရ ကိုဗစ်-၁၉ လူနာများတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မရှိသူ ၄၀ ရာခိုင်နှုန်းခန့်၊ မပြင်းထန်သော ရောဂါလက္ခဏာရှိသူ ၄၀ ရာခိုင်နှုန်းခန့်၊ ဆေးရုံ တက်ရောက် ကုသမှုခံယူရန် လိုအပ်သူ ၁၅ ရာခိုင်နှုန်းခန့်နှင့် ရောဂါပြင်းထန်သူ ငါးရာခိုင်နှုန်းခန့် ရှိသည်ဟု သိရပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၇၀ ကျော်ရှိပြီး ၎င်းတို့အနက် ၆၁ ရာခိုင်နှုန်းခန့်တွင် ရောဂါလက္ခဏာ ပြသခြင်းမရှိမှု၊ ကိုဗစ်-၁၉ လူနာအားလုံး၏ ၅၅ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများမှ ကူးစက်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာမှု၊ လက်ရှိအချိန်တွင် လူနာအများစုမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်မှု၊ ကိုဗစ်-၁၉ လူနာ ၃၇၀ ဝန်းကျင်အနက် အထူးကြပ်မတ် ကုသမှုခံယူရသူ ၂၀ နှင့် အသက်ရှူ အထောက်အကူပြုစက် အသုံးပြုခဲ့ရသူ ငါးဦးသာရှိသည်ကို တွေ့ရှိရပါသည်။
ဆိုခဲ့သည့်အတိုင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများမှာ ပြည်ပနိုင်ငံများမှ ရောက်ရှိလာကြသူများသာ အများဆုံးဖြစ်သည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြည်ပမှရောဂါပိုး တွေ့ရှိသူများအား စနစ်တကျကုသမှုပေးကာ ရောဂါပျံ့နှံ့မှုမရှိစေရေး လုံခြုံစိတ်ချမှုရှိအောင် ဆောင်ရွက်ပေးနေသည်။ မြန်မာနိုင်ငံတွင် ယခုအချိန်၌ သံသယလူနာ၊ အသွားအလာ ကန့်သတ်ထားရှိသူများနှင့် ကိုဗစ်-၁၉ လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများ၏ ဓာတ်ခွဲနမူနာ စုစုပေါင်း၏ သုည ဒသမ ၂၈ ရာခိုင်နှုန်းတွင်သာ ရောဂါပိုးတွေ့ရှိခဲ့သည်။ ရောဂါပိုးကို ရှာဖွေရာ၌ ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်ကို တိုးမြှင့်ရှာဖွေ သော်လည်း ရောဂါပိုးတွေ့ရှိသူ မြင့်တက်မှုမရှိဘဲ တည်ငြိမ်နေမှု၊ လက်ရှိအခြေအနေတွင် သံသယ လက္ခဏာ လူနာအရေအတွက် ကျဆင်းလာမှု၊ အသွားအလာ ကန့်သတ်ထားရှိရာနေရာ အရေအတွက် နှင့် လူဦးရေကျဆင်းလာမှုတို့သည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့်အနေအထားများ ဖြစ်သည်။
မြန်မာနိုင်ငံသည် ဓနဥစ္စာချို့တဲ့သောနိုင်ငံဖြစ်သည်။ စိန်ခေါ်မှုများ၊ ပြဿနာများ၊ ပဋိပက္ခများ ထူပြောသော နိုင်ငံဖြစ်သည်။ နိုင်ငံမချမ်းသာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မမြင့်မားသော နိုင်ငံဖြစ်သည်။ စည်းလုံးညီညွတ်မှု အားနည်းသည့် နိုင်ငံဖြစ်သည်ဟု ဆိုချင်ဆိုနိုင် သည်။ ထိုကဲ့သို့ အဘက်ဘက်တွင် အားနည်းနေသော နိုင်ငံဖြစ်သော်လည်း တစ်တိုင်းပြည်လုံး အရေးနှင့်ကြုံလာလျှင် စည်းလုံးညီညွတ်သောနိုင်ငံ ဖြစ်လာသည်ကို သမိုင်းကြောင်းဖြစ်စဉ်များ၌ မြင်တွေ့ရမည်ဖြစ်သည်။ ယခုလည်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်အချိန်မှ ယနေ့အချိန်ကာလ အထိ နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ထက်သန်နိုးကြားတက်ကြွမှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ အသိစိတ်ဓာတ်ရှိရှိ လိုက်နာဆောင်ရွက်မှုတို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကောင်းမွန်စွာ ရင်ဆိုင်တုံ့ပြန်နိုင်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် နိုင်ငံငယ်သော်လည်း၊ အင်အားနည်းသော်လည်း၊ စိတ်ဝမ်းကွဲသော်လည်း ပြည်သူပြည်သားအားလုံး၏ ကျန်းမာရေးအတွက် အခြေအနေ မဆိုးရွားအောင် အကောင်းဆုံး အနေအထားရောက်အောင် လက်တွေ့လုပ်ဆောင်ပြသနိုင်ခဲ့ပေသည်။ မြန်မာနိုင်ငံတွင် အချင်းချင်း မစည်းလုံးဘဲ ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည်ဟု အပြစ်ဆိုနိုင်သော်လည်း ကိုဗစ်-၁၉ ရောဂါကဲ့သို့ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် စိန်ခေါ်မှုများအား လက်တွေ့ရင်ဆိုင်လာရချိန်၌ မြန်မာပြည်သူပြည်သား များ စည်းလုံးညီညွတ်သည်၊ စည်းကမ်းလိုက်နာကြသည်ကို အထင်အရှား မြင်တွေ့နိုင်မည် ဖြစ်ပါ ကြောင်း။ ။