Skip to main content

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပြွန်တန်ဆာမြို့ ပညာဒါနစာသင်ဝိုင်းသို့ ပညာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

ညောင်လေးပင်  ဇန်နဝါရီ   ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ပညာဒါန စာသင်ဝိုင်းသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပညာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပညာဒါနစာသင်ဝိုင်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲတွင် ညောင်လေးပင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်းက အဖွင့်အမှာစကားနှင့် လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသော သံဗီဒိုကြီး(၁)လုံး၊ လေးယောက်ထိုင် စာသင်ခုံအစုံလိုက် (၁၀) စုံ၊ တက္ကသိုလ်ဝင်တန်း အထူးထုတ်မေးခွန်း၊ အဖြေစုံ၊ စာအုပ်(၅၂)အုပ်၊ စုစုပေါင်းကာလတန်ဖိုး ဆယ်သိန်းကိုးသောင်း သုံးထောင့်သုံးရာကျပ်အား ပေးအပ်လှူဒါန်းရာ ပညာဒါနစာသင်ဝိုင်းဥက္ကဋ္ဌ ဦးသန်းနိုင်က လက်ခံရယူ၍ ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား စာအုပ်များအသီးသီးပေးအပ်လှူဒါန်းခဲ့သည်။ လှူဒါန်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်းနှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ပညာဒါနစာသင်ဝိုင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ပညာဒါနစာသင်ဝိုင်းကို စတင်ဖွင့်လှစ် သင်ကြားခဲ့သည်မှာ ယနေ့ထိ (၈)နှစ်တိုင် ကြာခဲ့ပြီး လက်ရှိတွင် ပညာသင်ရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူ ၅၀ အား ပညာဒါန အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)