သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) တို့ပူးပေါင်းကျင်းပသော သိပ္ပံပွဲတော် ၂၀၂၃ ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာတို့၌ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ကျင်းပခဲ့ရာ ကျောင်းသား ကျောင်းသူများ၊ သိပ္ပံဆိုင်ရာကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ သိပ္ပံပညာကို စိတ်ဝင်စားသည့် ပြည်သူများ လာရောက်လေ့လာခဲ့ကြသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သော်လည်း ပြည်သူများအနေဖြင့် ခေတ်မီတိုးတက်နေသော သိပ္ပံနှင့်နည်းပညာလောကတွင် အားလုံးတန်းတူ တိုးတက်မှုများရရှိနိုင်ရန်အတွက် သိပ္ပံနှင့်နည်းပညာရပ်များကို စိတ်ဝင်စားကြသည်။ နိုင်ငံတကာတွင် သိပ္ပံနှင့်နည်းပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖြင့် လောကသစ်အား တည်ဆောက်နေကြသည်ကို အတုယူအားကျဖွယ်မြင်တွေ့ နေကြရသည်။ မြန်မာနိုင်ငံတွင် ယခုကဲ့သို့ သိပ္ပံပြပွဲတစ်ခုကို ရှားရှားပါးပါး ကြုံခဲ့ရခြင်းသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် နိုင်ငံ၏အနာဂတ်တွင် မျှော်လင့်ချက်လမ်းစတစ်ခုဟု ဆိုချင်သည်။
သိပ္ပံပွဲတော်ကို ကျင်းပနိုင်ခြင်းအားဖြင့် အခြေခံပညာအဆင့်မှသည် တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် ကဏ္ဍအလိုက်တာဝန်ထမ်းဆောင်နေကြသည့် လူငယ်ပညာရှင်များအထိ နျူကလီးယားပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ သိပ္ပံဆိုင်ရာ အတွေ့အကြုံဗဟုသုတများ တိုးပွားလာစေခြင်း၊ အများပြည်သူတို့ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာရပ်ဆိုင်ရာ အသစ်အဆန်းများကို လေ့လာစူးစမ်းလိုစိတ်ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များအတွက် တိုးတက်လိုသော စိတ်ဓာတ်ခွန်အားများ မြှင့်တင်ပေးနိုင်ခြင်းနှင့် မီဒီယာများမှ တစ်ဆင့် နိုင်ငံအတွင်း နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများ ပြန့်ပွားလာခြင်းတို့ ဖြစ်ပေါ်လာနိုင်ရာ နိုင်ငံတော်၏ သိပ္ပံနှင့်နျူကလီးယားစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
သုံးရက်တိုင်ကျင်းပခဲ့သည့် သိပ္ပံပွဲတော်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် နျူကလီးယားနည်းပညာနှင့် သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်းပြိုင်ပွဲများကျင်းပပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အပြင် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူ၊ လူငယ်ပညာရှင်များပါဝင်သည့် အဖွဲ့လိုက်ပြိုင်ပွဲ၊ အဖွဲ့လိုက်သရုပ်ပြပြိုင်ပွဲများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်အတွင်း လေ့လာရေးအစီအစဉ်များ၊ အင်ဂျင်နီယာကျောင်းသား ကျောင်းသူများက နျူကလီးယားစွမ်းအင်နှင့် ဆက်စပ်သိပ္ပံခေါင်းစဉ်များအလိုက် ဆွေးနွေးခြင်း၊ ရုရှားနိုင်ငံမှ ကျွမ်းကျင်သူများက ပြန်လှန်မေးမြန်းဆွေးနွေးခြင်း၊ မီဒီယာများအတွက် နျူကလီးယားဆိုင်ရာ အသိပညာဗဟုသုတများ မျှဝေပေးခြင်းအစီအစဉ်များပါဝင်သည်။
သိပ္ပံပွဲတော် ဒုတိယနေ့တွင် Hack Atom ပြိုင်ပွဲဝင်အသင်း ၁၁ သင်းတို့မှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက နျူကလီးယားနည်းပညာဖြင့် လျှပ်စစ်စွမ်းအားထုတ်လုပ်မှု၊ နျူကလီးယားဆေးပညာ စသည့် ငြိမ်းချမ်းစွာအသုံးပြုမှုဆိုင်ရာ အသိပညာများကို ပြည်သူများထံ ထိရောက်စွာဖြန့်ဖြူးပေးနိုင်ရေးအတွက် လက်တွေ့ကျသော နည်းလမ်းများရှာဖွေပြီး ၂၄ နာရီအတွင်း ၎င်းတို့ဆောင်ရွက်ထားရှိသည့် အင်တာနက်အက်ပလီကေးရှင်းနှင့် ဝက်ဘ်ဆိုက်များဖန်တီးမှုနှင့် ရလဒ်များကို ပါဝါပွိုင့်များဖြင့် စိတ်ဝင်စားဖွယ် ရှင်းလင်းတင်ပြခဲ့သည်။ ယခုပြုလုပ်သော သိပ္ပံပွဲတော်ကို မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပွဲတော်တွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံမှ သိပ္ပံပညာရှင်များ၏ ဆွေးနွေးချက်များနှင့် ခင်းကျင်းပြသမှုများသည် မြန်မာနိုင်ငံမှ ပြည်သူများအတွက် သိပ္ပံပညာဆိုင်ရာ အသိအမြင်ဗဟုသုတများ များစွာတိုးပွားရရှိခဲ့သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရာ၌ သိပ္ပံပညာသည် အဓိကကျသည့် လိုအပ်ချက်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေး၊ လူမှုစီးပွားတိုးတက်ရေးကို ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းနေသော သိပ္ပံပညာရပ်များ လိုအပ်သည်။ ခေတ်မီတိုးတက်ပြီး အဆင့်မြင့်မားသည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပညာရပ်ဆိုင်ရာများ လေ့လာဆည်းပူးရာတွင်လည်းကောင်း တိုးတက်ဖြစ်ထွန်းနေသည့် သိပ္ပံပညာရပ်များ ပေါင်းစပ်ဆောင်ရွက်မှသာ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် တိုးတက်မှုများရရှိမည်ဖြစ်သည်။ အများပြည်သူ လူမှုဘဝနယ်ပယ်တွင် ယခုကဲ့သို့ ပြည်သူများစိတ်ဝင်စားသည့် သိပ္ပံပညာရပ်များကို ပထမဆုံးမျှဝေပေးခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအား ကျေးဇူးတင်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံအဖြစ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေသော အချိန်အခါ၌ ပြည်သူများကြားတွင် သိပ္ပံပညာရပ်များနှင့် ငြိမ်းချမ်းစွာ အသုံးချနိုင်မည့် နျူကလီးယားဆိုင်ရာ ပညာရပ်များကို မျှဝေပေးနိုင်ခဲ့သဖြင့် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာ၌ များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်