မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိနေသည့် ပုဂံဒေသကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံဘာကူမြို့တော်၌ ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတွင် အဆုံးအဖြတ်ပြုကာ စာရင်းသွင်းခဲ့ခြင်းဖြစ် သည်။ ယူနက်စကိုအောက်ရှိ ကမ္ဘာ့အမွေအနှစ်ကော်မတီသည် ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများအဖြစ်သတ်မှတ်ခဲ့ရာ ပုဂံသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက်ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဖြစ်သည်။
ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရာတွင် ကမ္ဘာ့အမွေအနှစ်ဗဟိုဌာန (World Heritage Centre) ၏ အကြံပေးအဖွဲ့ဖြစ်သော နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (International Council on Monu- ments and Sites - ICOMOS) က ပုဂံသည်ထူးခြား၍ အနှိုင်းမဲ့သောယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်ဟု ထောက်ခံချက်ပေးခဲ့ခြင်းဖြစ်သည်။ အနောက်ဘက်တွင် ဧရာဝတီမြစ်နှင့်အရှေ့ဘက်တွင် တုရင်တောင်တို့အကြား ခရစ်နှစ် ၉ ရာစုမှ ၁၃ ရာစု အထိ ထွန်းကားခဲ့သော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားပုထိုးစေတီများ၊ အထိမ်းအမှတ်အဆောက်အအုံများ၊ သမိုင်းဝင်နန်းတော်ရာများ ပြန့်ကျဲတည်ရှိနေကြပြီး အတိတ်သမိုင်းတွင် ခမ်းနားကြီးကျယ်ခဲ့သည့် ပုံရိပ်များကို ရင်သပ်ရှုမော ဖွယ် တွေ့မြင်ခံစားနိုင်သည်။
ပုဂံခေတ်တွင် ထေရဝါဒဗုဒ္ဓဘာသာသည် အခြေခိုင်မာစွာဖွံ့ဖြိုးတိုးတက်ခဲ့ပြီး စီးပွားရေးလည်း ကောင်းမွန်ခဲ့သည်။ နိုင်ငံတည်ငြိမ်အေးချမ်းခြင်းနှင့် သာယာဝပြောခြင်းတို့ကြောင့် ထွန်းကားလာခဲ့သည့် ဘာသာသာသနာအပေါ်တွင် သဒ္ဓါတရားကြီးမားထက်သန်မှုတို့နှင့်အတူ အံ့မခန်းဖွယ်ဗိသုကာအနုလက်ရာများနှင့် သာသနိကအဆောက်အအုံများကို ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ပုဂံတွင် တည်ရှိနေသည့် ဘုရားပုထိုးအရေအတွက်များနှင့် စပ်လျဉ်း၍ “လှည်းဝင်ရိုးသံ - ၄၄၄၆ ဆူ” ဟူ၍လည်းကောင်း၊ “ဝင်းဝင်းထိန်လျှံ - ၄၄၇၄ ဆူ” ဟူ၍လည်းကောင်း အမှတ်အသားများရှိခဲ့ပြီး မျက်မှောက်ခေတ် ရှေးဟောင်းသုတေ သနက ကောက်ယူထားသော စာရင်းများအရ ပုဂံဘုရားပုထိုးများ အရေအတွက်ကို “ကျောင်းကြီးအုတ်နီ - ၂၂၁၇ ဆူ” ဟူ၍ မှတ်သားထားသည်။
နှစ်ပေါင်းရာထောင်ချီ၍ တည်ရှိလာခဲ့သောပုဂံသည် ခေတ်အဆက်ဆက်တွင် သဘာဝဘေးအန္တရာယ်များနှင့် လူတို့၏ဖျက်ဆီးမှုအန္တရာယ်များကိုပါ ခံခဲ့ရသည်။ အထူးသဖြင့် သမိုင်း မှတ်တမ်းအရ နှစ်ပေါင်း ၉၀၀ အတွင်း အဆိုးဆုံးဟုဆိုသည့် ၁၉၇၅ ခုနှစ် ဇူလိုင် ၈ ရက်တွင်လှုပ်ခဲ့သည့်ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏမှာ ကြီးမားလှပြီးအစားထိုးမရလောက်အောင် ပျက်စီးခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ငလျင်လောက် မပြင်းထန်သော်လည်း ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံတွင် ထိခိုက်ဆုံးရှုံးမှုများ ထပ်မံဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ပြောင်းလဲလာသည့် ရာသီဥတုများကြောင့်လည်း ပုဂံရှိဘုရားပုထိုးများတွင် ထိခိုက်မှုများ ရှိနေပြန်ရာ ကမ္ဘာ့အမွေအနှစ်၊ မြန်မာ့အမွေအနှစ် ပုဂံကိုစဉ်ဆက်မပြတ်ထိန်းသိမ်းစောင့်ရှောက်မှုများဖြင့် အဓွန့်ရှည်တည်တံ့အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီဥက္ကဋ္ဌ၏ မှာကြားချက်နှင့်အညီ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပပညာရှင်များနှင့်ဖွဲ့စည်းထားသော နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၏ အကြံပြုချက်များ၊ နိုင်ငံတကာတွင် လက်ခံအသုံးပြုနေသော ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားကြရန်ပင် ဖြစ်ပါကြောင်း။ ။