Skip to main content

ကမ္ဘာကြီးပူနွေးလာမှုကိုလျှော့ချ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင်ပါဝင်

ယနေ့ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲလာခြင်း အခြေခံအကြောင်းသည် သဘာဝပတ်ဝန်းကျင်ပျက်စီးလာရာမှ ကမ္ဘာကြီးပူနွေးလာခြင်းဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းများဖြစ်ပေါ်လာပြီး သက်ရှိလူသားများအားလုံး သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့လာသည်။ လက်ရှိတွင် ကမ္ဘာပေါ်ရှိအချို့ဒေသများ၌ မိုးခေါင်ပူပြင်းခြောက်သွေ့ခြင်းနှင့်ကြုံတွေ့နေပြီး အချို့ဒေသများတွင် မုန်တိုင်းနှင့် ရေကြီးရေလျှံခြင်းများ ကြုံတွေ့နေရသည်။

ကမ္ဘာကြီးတွင်အပူဒဏ်ကြောင့် နှစ်စဉ်လူသိန်းနှင့်ချီပြီး သေဆုံးနေသည်ကို သတိပြုမိကြမည်မဟုတ်ပေ။ ဥရောပတွင် ၂၀၂၂ ခုနှစ်က အပူဒဏ်ကြောင့် လူခြောက်သောင်းကျော် သေဆုံးခဲ့သည်။ ယခုနှစ်တွင်လည်း အပူဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေရသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းသည် ကမ္ဘာ့လူသားများအတွက် ကြီးမားသောခြိမ်းခြောက်မှုဖြစ်ပြီး စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ပါသည်။ ယခုကဲ့သို့ အပူချိန်များမြင့်တက်လာခြင်းသည် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုဖြစ်ပြီး ကမ္ဘာပေါ်ရှိနိုင်ငံများအနေဖြင့် သတိပြုပြင်ဆင်ထားရန်ကုလသမဂ္ဂက သတိပေးထားသည်။

အယ်လ်နီညိုဖြစ်စဉ်သည် အလွန်ပူနွေးခြောက်သွေ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး အလွန်ပူနွေးသောရေများသည် ပစိဖိတ်သမုဒ္ဒရာမျက်နှာပြင်ပေါ်တက်လာပြီး လေထုအတွင်း အပူရှိန်များထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ အချို့ဒေသများတွင် မိုးပိုလာပြီးအချို့ဒေသများ၌ မိုးခေါင်၍ အပူလှိုင်းများမြင့်တက်လာသည်။ လက်ရှိတွင်ဥပရောပတိုက်တစ်ခွင်၌ အပူချိန်များမြင့်တက်နေပြီး အီတလီ၊ ဂရိ၊ စပိန်စသည့် ဥရောပနိုင်ငံများ၌ ပြီးခဲ့သည့်ရက်များက အပူချိန် ၄၇ ဒီဂရီဆဲလ်စီးရပ်စ်အထိဖြစ်လာခဲ့သည်။ ဆက်လက်၍လည်း အပူချိန်များမြင့်တက်လာပြီး တောမီးလောင်ခြင်း၊ အပူဒဏ်ခံရခြင်းများကို ပြင်းထန်စွာခံစားကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နွေရာသီတွင်အပူဒဏ်ကို ၄၅ ဒီဂရီစင်တီဂရိတ်အထက်ခံစားခဲ့ကြရပြီး ယခုမိုးရာသီတွင် မိုးသည်းထန်မှုနှင့် အချို့ဒေသများတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေသည်။ ကမ္ဘာ့အပူချိန်မြင့်တက်မှုဒဏ်ကိုလည်းအခြားနိုင်ငံများနည်းတူ ခံစားကြရဦးမည်ဖြစ်သည်။ ပညာရှင်များတွက်ချက်မှုအရ စက်မှုခေတ်လွန်ကာလများတွင် အပူချိန် ၁ ဒသမ ၄ ဒီဂရီဆဲလ်စီးရပ်စ် ပိုမိုပူနွေးလာပြီး သက္ကရာဇ် ၂၁၀၀ ပြည့်နှစ်အရောက်တွင် အပူချိန် ၂ ဒသမ ၇ ဒီဂရီဆဲလ်စီးရပ်စ်အထိ ပိုမိုပူနွေးလာမည်ဟု အသိပေးထားသည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် နိုင်ငံတိုင်းက အပူချိန်မြင့်တက်စေသည့် ကာဗွန်လျှော့ချရေးကို ဦးစားပေးလုပ်ဆောင်လာကြသည်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် အပူလှိုင်းဖြတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်းစသည်တို့ကို ကြုံတွေ့လာပြီး ရေခဲတောင်များ အရည်ပျော်ကျလာခြင်းကြောင့် ပင်လယ်ရေများ မြင့်တက်လာသည်။ အပူချိန်မြင့်တက်လာသောကြောင့် ပင်လယ်ရေနွေးစီးကြောင်းများ ပိုမိုပူပြင်းလာပြီး အပူဒဏ်ကို ဒေသအနှံ့ခံစားနေကြရသည်။ ထို့အပြင် ဇီဝမျိုးစုံမျိုးကွဲများ၏ နေရင်းဒေသများ ပျက်စီးလာခြင်း၊ ဆိုးရွားသောရာသီဥတုဖြစ်စဉ်ကြောင့် အစားအစာနှင့် သောက်သုံးရေရှားပါးခြင်းများကို ကြုံတွေ့လာရသည်။

သစ်တောပြုန်းတီးမှု၊ လေထုညစ်ညမ်းမှု၊ စက်ရုံအလုပ်ရုံများနှင့် လောင်စာဆီသုံးမော်တော်ယာဉ်များတိုးပွားလာခြင်းတို့သည် ကမ္ဘာကြီးပူနွေးလာမှုအကြောင်းများဖြစ်သည်။ ယင်းတို့ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံးက လျှော့ချဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေကြသည်။ သာဓကအားဖြင့် ကမ္ဘာ့နိုင်ငံများအားလုံးသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နှစ်စဉ်တိုးပွားနေသော လောင်စာဆီသုံးမော်တော်ယာဉ်များကို လျှော့ချထုတ်လုပ်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များ တိုးမြှင့်ထုတ်လုပ်သုံးစွဲနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်နေကြသည်။

မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသော စက်သုံးဆီအသုံးပြုယာဉ်သုံးစွဲမှုမှာ နှစ်စဉ်မြင့်မားလျက်ရှိပြီး ဈေးကွက်ပင်ကြီးကြီးမားမားဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံတော်အစိုးရက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု နှစ်စဉ်မြင့်မားနေမှုကို လျှော့ချနိုင်ရန် လျှပ်စစ်သုံးမော်တော်ယာဉ်စီမံကိန်းကို အကောင်အထည်ဖော်နေသည်။ သို့သော် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မည့်စက်သုံးဆီအစားထိုး လျှပ်စစ်မော်တော်ယာဉ် အသုံးပြုမှုတွင် စိတ်ဝင်စားမှုနည်းပါးနေသေးသည်။

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် ကမ္ဘာကြီးကိုခြိမ်းခြောက်နေသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို သတိမူ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်အောင် ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်သည်ကို သတိမူကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်