“စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမစနစ်ကိုကျင့်သုံးပြီး အစုအဖွဲ့များဖြင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူလယ်သမားများ၏ အကျိုးကိုဖော်ဆောင်ပေးရန်လိုကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေး လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍသုံးခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရကြောင်း၊ ထိုအထဲတွင် လယ်ယာကဏ္ဍကြီးသည် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များကိုအခြေခံ၍ MSME လုပ်ငန်းများ ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း” နိုင်ငံတော်အကြီးအကဲက ပြောကြားထားသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုလုပ်ငန်းများ ထူထောင်သွားရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများစွာရှိသည်။ အကျိုးရှိထိရောက်စွာအသုံးချနိုင်ပါက လူတစ်ဦးချင်း ဝင်ငွေမြင့်မားလာပြီး လူနေမှုအဆင့်အတန်းလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ဒေသတွင်းနေထိုင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်လျှင် ဒေသဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်လာမည်ဖြစ်သည်။ လောကတွင်လူသာလျှင် အဓိကဖြစ်သည်။ စွမ်းဆောင်နိုင်သောလူသားများဖြင့် လောက၏ လိုအပ်ချက်အရာရာကို ဖန်တီးနိုင်သည်။ ထို့ကြောင့် ဒေသတွင်ပိုင်ဆိုင်ထားသော လူသားအရင်းအမြစ်များကို ထိရောက် စွာအသုံးချကြရမည်ဖြစ်သည်။
အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားတိုးတက်ရေးအတွက် ပညာရေးကို မြှင့်တင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်အကြီးအကဲကမှာကြားထားသည်။ ထို့အပြင် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပညာတတ်လူသားအရင်းအမြစ်များ မဖြစ်မနေလိုအပ်သည်။ လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ဖွံ့ဖြိုးလာရေးအတွက် မျိုးဆက်သစ်လူငယ်များကို ကောင်းစွာမြေတောင်မြှောက်ပေးရန်လိုအပ်သည်။ ၎င်းတို့အနာဂတ် ကောင်းမွန်စေရန် ပညာရေးကို အားပေးမြှင့်တင်ရမည်ဖြစ်သကဲ့သို့ အနာဂတ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေလိုပါကပညာရေးကို အားပေးမြှင့်တင်ရမည်ဖြစ်သည်။
အတန်းပညာရှိမှသာ အတတ်ပညာကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သည့်ဒေသနှင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖော်ဆောင်နိုင်မည်ဖြစ်၍ ပညာရေးကို နိုင်ငံတော်က အလေးထားဖော်ဆောင်ပေးနေသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ လူမှုစီးပွားအခြေအနေအရ ပညာရေးကဏ္ဍတွင် အတန်းပညာကိုပြီးဆုံးအောင် သင်ယူနိုင်သူနည်းပါးနေသည်ကို တွေ့ရမည်ဖြစ်သည်။ အတန်းပညာမပြီးဆုံးသဖြင့် မြန်မာနိုင်ငံတွင် ပညာတတ်များနည်းပါးနေသေးသည်။ ပညာဖြင့် နိုင်ငံတည်ဆောက်ရမည်ဖြစ်၍ ပညာလိုအပ်ချက်ကြောင့် နိုင်ငံတွင်လိုအပ်ချက်များစွာရှိနေသည်။ အဓိကလိုအပ်ချက်မှာ စီးပွားရေးမပြည့်စုံသဖြင့် ပညာကိုပြီးဆုံးအောင် သင်ယူနိုင်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။
မျိုးဆက်သစ်အများစု အတန်းပညာမပြီးဆုံးမှုပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် KG+9 ပညာရေးစနစ်ကို အကောင်အထည်ဖော်နေသည်။ အခြေခံပညာတွင် မသင်မနေရပညာသင်ကြားရေးနှင့် အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်နေသည်။ မိဘပြည်သူများအနေဖြင့် မိမိတို့သားသမီးများကို အခြေခံပညာအလယ်တန်းအဆင့်အထိ ပြီးဆုံးအောင်မဖြစ်မနေကျောင်းတက်နိုင်စေရေး အားပေးစေလိုသည်။ အခြေခံပညာအလယ်တန်းပြီးဆုံးပါက မိမိတို့နှစ်သက်ရာ ပညာခရီးကိုရွေးချယ်နိုင်သည့် အခွင့်အရေးရှိလာသည်။ ပညာဆက်လက်မသင်ယူလိုပါက အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်သည့်အခွင့်အလမ်းများရှိလာသည်။ ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုပညာများသင်ယူနိုင်သည့် အထက်တန်းကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်သင်ကြားပေးနေသည်။
မိမိနှစ်သက်ရာ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာ၊ စက်မှုပညာအတတ်ပညာများကို သင်ကြားတတ်မြောက်ပြီး မိမိဒေသတွင် လိုအပ်လျက်ရှိသော လုပ်ငန်းနယ်ပယ်များ၌ ဝင်ရောက်လုပ်ကိုင်နိုင်ပြီဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် စုပေါင်းဆောင်ရွက်သော သမဝါယမကဲ့သို့ အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နိုင်အောင် အခွင့်အလမ်းများကို စဉ်ဆက်မပြတ်စီမံဖော်ဆောင်ထားရမည်ဖြစ်သည်။ သို့မှသာ ဒေသခံမျိုးဆက်သစ်လူငယ်များအနေဖြင့် နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးထားသော အသက်မွေးဝမ်းကျောင်းပညာရပ်များကို တတ်မြောက်ပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများအဆင်ပြေကာ မိမိအကျိုး၊ ဒေသအကျိုးများကို တိုးတက်မြှင့်တင်ဖော်ဆောင်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ပညာရေးကို အားပေးမြှင့်တင်ပေးလျက်ရှိရာ အသက်မွေးဝမ်းကျောင်း ပညာများတတ်မြောက်ကြသည့် ဒေသအလိုက် လူ့စွမ်းအားအရင်းအမြစ်များဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်