ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်ခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် စီးပွားရေးပြန်လည်နာလန်ထူလာနိုင်စေရန် ကြိုးပမ်းလျက်ရှိကြရာ မိမိတို့နိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ မိမိတို့နိုင်ငံအဖို့ ကိုဗစ်-၁၉ကပ်ရောဂါကြောင့်သာမက နိုင်ငံရေးအခြေအနေအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော ပြည်တွင်းမတည်မငြိမ်မှုများကပါ နိုင်ငံ့စီးပွား ပြန်လည်နာလန်ထူလာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် ဆိုးကျိုးသက်ရောက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်ကို ယူခဲ့ပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အနုတ်လက္ခဏာပြကျဆင်းသွားခဲ့သည့် နိုင်ငံ့စီးပွားရေးကို အနှောင့်အယှက်အခက်အခဲများကြားမှ ပြန်လည်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ပြန်လည်ဦးမော့လာခဲ့ပြီး တိုးတက်မှုအထိုက်အလျောက် ရရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စီးပွားရေးကျဆင်းခဲ့သည့်အခြေအနေမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၄ ရာခိုင်နှုန်းခန့်တိုးတက်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိရာ ကုန်ထုတ်လုပ်မှုမြင့်မားရေးဆောင်ရွက်မှုများ အမှန်တကယ်အောင်မြင်မည်ဆိုပါက တိုးတက်မှုပိုမိုရရှိနိုင်မည်ဖြစ်သည်။
မိမိတို့ နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိရာ နိုင်ငံ့စီးပွားမြင့်မားရေးတွင် ဈေးကွက်စီးပွားရေးစနစ် မှန်ကန်ကောင်းမွန်စွာ လည်ပတ်နေရေးသည် အရေးကြီးသည်။ ဤသည်မှာ ပုဂ္ဂလိကလုပ်ငန်းရှင်များကသာ ဆောင်ရွက်ရန်မဟုတ်ဘဲ ၎င်းတို့၏လုပ်ငန်းများ စနစ်တကျကောင်းကောင်းမွန်မွန်လည်ပတ်နိုင်ရန် အထောက်အကူပြုပေးနိုင်သော ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးရန်လိုသည်။ ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့်အလျောက် ၎င်းတို့၏အခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း၊ အတားအဆီးများကို ဖယ်ရှားပေးခြင်းအားဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားစေရမည်ဖြစ်ရာ ပြည်ထောင်စုအဆင့်၌သာမက တိုင်းဒေသကြီးများနှင့် ပြည်နယ်အဆင့်များ၌ပါ အစိုးရနှင့် ပုဂ္ဂလိကအကြား နီးနီးကပ်ကပ် ဆောင်ရွက်နိုင်သည်နှင့်အမျှ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် တရားဝင်စီးပွားရေးလုပ်ငန်းများ စတင်ထူထောင်ခြင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ခြင်းနှင့် အခွန်ဆိုင်ရာတို့တွင် သက်ဆိုင်ရာဌာနအသီးသီးတို့၌ မှန်ကန်စွာနှင့် မြန်ဆန်ချောမွေ့စွာဆောင်ရွက်ပေးနိုင်ခြင်းသည် လွန်စွာအရေးကြီးသကဲ့သို့ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် တရားမဝင်ကုန်သွယ်မှုများပပျောက်အောင် တိုက်ဖျက်သွားနိုင်ရန်မှာလည်း လွန်စွာအရေးကြီးသည်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအနေဖြင့် မလိုအပ်ဘဲ အပိုကုန်ကျရသော ကုန်ကျစရိတ်များကြောင့် ထုတ်ကုန်၏ အရည်အသွေးကို နိမ့်ကျစေသည့်အပြင် ဈေးနှုန်းကိုလည်း မြင့်မားစေသည်။ ပြည်ပမှ ဝင်ရောက်လာသည့် အလားတူ ကုန်ပစ္စည်းများနှင့် အရည်အသွေးအရရော၊ ဈေးနှုန်းအရပါ ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ဘဲ ရေရှည်တွင် တရားဝင်စီးပွားရေးလုပ်ငန်းထူထောင်မှုနှင့် တရားဝင်ကုန်သွယ် ရောင်းဝယ်မှုတို့ကိုပါ စွန့်လွှတ်သွားကြမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်တွင်းအင်အားကို အဓိကထား၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း နိုင်ငံ၏ သယံဇာတများကိုထုတ်ရောင်း၍ ဆောင်ရွက်ခြင်းမပြုဘဲ ထိန်းထားကာထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက်သာ ကြိုးပမ်းနေခြင်းဖြစ်သည်။ မိမိတို့နိုင်ငံ၏ ရေ၊ မြေ၊ လုပ်အားတို့ကို အရင်းပြုလျက် စိုက်ပျိုးမွေးမြူရေးအခြေခံထုတ်ကုန်များကို အရေအတွက်အရအရော၊ အရည်အသွေးအရပါ မြှင့်တင်ထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တိုးတက်တင်ပို့နိုင်ရန် နိုင်ငံတော် က အားပေးဆောင်ရွက်လျက်ရှိရာ နိုင်ငံ့စီးပွားမြင့်မားရေး၊ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးတို့တွင် ကဏ္ဍအသီးသီး၌ ပါဝင်သူတိုင်းက အားကြိုးမာန်တက် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်