Skip to main content

ရွေးချယ်ပစ်မှတ်ထားသည့်စွပ်စွဲချက်ကို တုံ့ပြန်

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံအဖွဲ့အစည်းအချို့က စွပ်စွဲပြောဆိုချမှတ်မှုများ မကြာခဏလုပ်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးသွတ်သွင်းမှုအရ လုပ်ဆောင်နေမှုများသည် အထူးအဆန်းမဟုတ်တော့သော်လည်း လုပ်ဆောင်မှုမှန်သမျှကို မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာအတွက် တိကျခိုင်မာသည့်အချက်အလက်များဖြင့် ပြန်လည်တုံ့ပြန်ချေပရမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ်အစီရင်ခံစာတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံကို ထည့်သွင်းလျက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်အကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ်တံခါးဖွင့်ဆွေးနွေးပွဲကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ အစီရင်ခံစာ၏နောက်ဆက်တွဲတွင် တပ်မတော်အား ထပ်မံစာရင်းသွင်းခဲ့သည်ကို စိတ်ပျက်ဖွယ်ရာတွေ့ရှိရပြီး ၎င်းလုပ်ရပ်သည် နိုင်ငံရေးသွတ်သွင်းမှုသက်သက်သာဖြစ်ကြောင်း မြန်မာနိုင်ငံက ရှုမြင်သည်။

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်သည်ဟူသော စွပ်စွဲချက်များကို အကြောင်းပြု၍ မြန်မာနိုင်ငံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်အကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းကို ၂၀၁၈ ခုနှစ်မှ စတင်ဖော်ပြခဲ့သည်။ မြန်မာတို့၏ အသိုက်အဝန်းသည် ဓလေ့ထုံးစံနှင့်ယဉ်ကျေးမှုအရ မည်သည့် ပုံစံဖြင့်မဆို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်မခံဆန့်ကျင်ပြီး တပ်မတော်သားများအနေဖြင့် စည်းမျဉ်း၊ ကျင့်ဝတ်များအား အတိအကျလိုက်နာရသည်ကို အများကသိရှိထားကြသည်။ ပြစ်မှုကျူးလွန်သူကို လုံးဝခွင့်မလွှတ်ရေးမူနှင့်အညီ အမြင့်ဆုံးပြစ်ဒဏ်အထိ အရေးယူအပြစ်ပေးလျက်ရှိသည်။

ကုလသမဂ္ဂ၏ လွတ်လပ်သောကျွမ်းကျင်သူများသည် သက်ဆိုင်ရာအစိုးရကပေးပို့သော အချက်အလက်များကို ထည့်သွင်းစဉ်းစားရန်နှင့် အချက်အလက်အားလုံးကို အပြန်အလှန်စစ်ဆေးရန် လိုအပ်သော်လည်း အစီရင်ခံစာတွင် သက်ဆိုင်ရာအစိုးရဘက်က ပံ့ပိုးထားသည့်အချက်အလက်များကို တမင်ချန်လှပ်ထားရုံသာမကစွပ်စွဲချက်များကို သက်ဆိုင်ရာနိုင်ငံနှင့် စိစစ်ရန်ပျက်ကွက်ခဲ့သည်။ အစီရင်ခံစာတွင် အစိုးရဆန့််ကျင်သည့် အရင်းအမြစ်များမှ အခြေအမြစ်မရှိသောစွပ်စွဲချက်များကို ထည့်သွင်းထားပြီး စွပ်စွဲထားသည့်ဖြစ်စဉ်များကို စိစစ်နိုင်ရန်အတွက် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာ၊ နေ့ရက်၊ အချိန် သို့မဟုတ် သင့်လျော်သည့်အချက်အလက်များမပါဝင်သည်ကို တွေ့ရှိရသည်။ အစီရင်ခံစာတွင် တိုင်ကြားမှုများ လက်ခံရရှိခြင်းမရှိကြောင်း ဝန်ခံထားသော်လည်း မှန်းဆချက်များကိုအခြေခံ၍ “သတင်းပေးပို့မှု လျော့နည်းခြင်းဖြစ်သည်” ဟု ကောက်ချက်ချထားသည်။

စိတ်မကောင်းဖွယ်ရာ ယင်းကဲ့သို့ဖြစ်စဉ်များ အစောပိုင်းကပျံ့နှံ့ဖြစ်ပွားခဲ့ပြီး စစ်တွေရှိ နေရပ်စွန့်ခွာစခန်းတစ်ခုမှ စခန်းခေါင်းဆောင်တစ်ဦးက အမျိုးသမီးများကို အဓမ္မပြုကျင့်ကြောင်း တိုင်ကြားသူ ခြောက်ဦးက ယခုနှစ်အစောပိုင်းတွင် အမှုဖွင့်တိုင်ကြားထားမှုရှိသည်။ ယင်းအမှုများသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အလားတူ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် လေးဦးသည် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ပဲကတိုးရွာ၌ မိန်းကလေးငယ်လေးဦးအပါအဝင် လူခုနစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သော ဖြစ်စဉ်ဖြစ်ခဲ့သည်။ PDF အကြမ်းဖက်သမားများကျူးလွန်သည့် လိင်အကြမ်းဖက်မှုဖြစ်စဉ်များ ပျံ့နှံ့နေသော်လည်း ယင်းကဲ့သို့အချက်အလက်များ ထည့်သွင်းဖော်ပြရန် ပျက်ကွက်ခဲ့ခြင်းသည် အဆိုပါအစီရင်ခံစာ၏မမျှတမှုကို ပေါ်လွင်စေသည်။

အစီရင်ခံစာတွင် ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ များပြားသောဆောင်ရွက်ချက်များကို ထိမ်ချန်ထားခြင်းသည် မြန်မာနိုင်ငံကို နိုင်ငံတကာမှအထင်အမြင်လွဲမှားအောင် ဖန်တီးခြင်းသဘောသက်ရောက်စေသည်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်အကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းမှ ပယ်ဖျက်ရေးအတွက် ပူးတွဲကြေညာချက်ကို မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားအဆင့် ကော်မတီကို ဖွဲ့စည်းပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းစီမံချက်နှင့် အကောင်အထည်ဖော်မှုတို့ကို အထူးကိုယ်စား လှယ်ထံသို့ သင့်လျော်ကောင်းမွန်စွာ အသိပေးလျက်ရှိသည်။

သို့ဖြစ်ရာ ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့်ပတ်သက်၍ သိသာထင်ရှားသော ဖြစ်စဉ်များမရှိဘဲ နှစ်စဉ်အစီရင်ခံစာ၏နောက်ဆက်တွဲတွင် မြန်မာနိုင်ငံအား ဆက်လက်ထားရှိခြင်းသည် နိုင်ငံရေးသွတ်သွင်းမှုသက်သက်ဖြစ်ပြီး မြန်မာနိုင်ငံအပေါ်ရွေးချယ်ပစ်မှတ်ထားခြင်းကို လက်မခံဘဲ တိကျခိုင်မာသောအချက်အလက်များဖြင့် တုံ့ပြန်ရမည်ဖြစ်ပါကြောင်း။       ။

ကြေးမုံ,အယ်ဒီတာ့အာဘော်