နေပြည်တော် ဇူလိုင် ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးရွှေကြိမ်းနှင့် ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုတွင် နိုင်ငံတော်၏ ရငွေပိုင်းနှင့်ပတ်သက်၍ သာမန်ရငွေများ၊ ချေးငွေနှင့် ထောက်ပံ့ ငွေများဟူ၍ ၃ ပိုင်းရှိကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်ပြီးနောက်ပိုင်း ချေးငွေများလုံးဝချေးယူခြင်းမရှိကြောင်း၊ ပြည်ပထောက်ပံ့ငွေအနေဖြင့်လည်း ၂၀၂၂ ခုနှစ်နှောင်းပိုင်းရောက်မှသာ အနည်းငယ်ရရှိခဲ့သဖြင့် အချို့လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း။
ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးကြိုးပမ်း
အဆိုပါ အချက်များကို ကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းဘဏ္ဍာငွေနှင့် စီးပွားရေးသည် ပြည်တွင်းအင်အားအပေါ်၌သာ လုံးဝတည်မှီလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယခင်ကလည်း ပြည်တွင်းအားကို အဓိကထား၍သာ နိုင်ငံစီးပွားတိုးတက်ရေးကို ဆောင်ရွက်ခဲ့ကြရကြောင်း၊ ယင်းတွင် ကုန်ထုတ်လုပ်မှုများနှင့် သယံဇာတများရောင်းချခြင်းတို့ပါကြောင်း၊ မိမိတို့ တာဝန်ယူချိန်တွင် သယံဇာတရောင်းချခြင်းကို အတတ်နိုင်ဆုံးထိန်းထားကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
နိုင်ငံ့စီးပွားရေးသည် ပြီးခဲ့သည့်ကာလများအတွင်း အထိုက်အလျောက်တိုးတက်မှုရှိခဲ့ပြီး ဆက်လက်၍လည်း တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ၄ ရာခိုင်နှုန်းခန့်တိုးတက်မည်ဟု မျှော်မှန်းထားကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှုများကို အမှန်တကယ်ဆောင်ရွက်နိုင်မည်ဆိုပါက ထပ်မံတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် စီးပွားရေးကျဆင်းခဲ့သည့်အခြေအနေမှ ပြန်လည်ရုန်းထွက်ဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။
စီးပွားရေး ထပ်မံတိုးတက်နိုင်
ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ဈေးကွက်သေချာမှုရှိသည့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသည် ခိုင်မာသည့်ဈေးကွက်ရှိပြီး ကမ္ဘာတစ်ဝန်း လိုအပ်လျက်ရှိသော Food Security ကိုလည်း ထောက်ပံ့ပေးနိုင်သောကြောင့် သေချာသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် သေချာသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ထပ်မံတိုးတက်နိုင်မည်ဟုယုံကြည်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံမှာကြား ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများမှာ အမှန်တကယ် တိုးတက်လာမည်ဖြစ်ကြောင်း။
မှန်မှန်ကန်ကန်ဆောင်ရွက်
စိုက်ပျိုးမြေများသုံးစွဲမှုနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းပြဿနာကို အစိုးရအဆက်ဆက်ဖြေရှင်းခဲ့ကြသော်လည်း ယခုအချိန်ထိ ရှိနေဆဲဖြစ်ကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း။
နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျလျက်ရှိ
ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် စားသုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးခြင်းများကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဆီစက်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ စားသုံးဆီဖူလုံမှုရှိရမည်ဖြစ်ကြောင်း၊ အလားတူ စက်သုံးဆီများကိုလည်း ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ စက်သုံးဆီသုံးစွဲမှုများကို လျှော့ချနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားသုံး အများပြည်သူပို့ဆောင်ရေးစနစ်များ တိုးတက်လာရေးနှင့် ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်စေရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း။
စီးပွားရေးရာကော်မတီအနေဖြင့် အစိုးရကိုတာဝန်ခံရမည်ဖြစ်ပြီး အစိုးရအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တာဝန်ခံရမည်ဖြစ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်ကို တာဝန်ခံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးရာကော်မတီအနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆွေးနွေးဆောင်ရွက်သွားကြရန်မှာ ကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စီးပွားရေးရာကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြ
၎င်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအား ကွင်းဆင်းဆောင်ရွက်ပေးမှု၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ရော်ဘာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက စပါးခွံဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်ရေးဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကုန်သွယ်မှုဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦးက စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများကို ဥပဒေပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်များနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။
ကုန်ထုတ်လုပ်မှုများ မြှင့်တင်ဆောင်ရွက်
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ရော်ဘာစိုက်ပျိုးရာမှ ထွက်ရှိလာသည့် ရော်ဘာကုန်ကြမ်းများကို အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ဝင်ငွေပိုမိုရရှိမည်ဖြစ်ကြောင်း၊ စပါးခွံဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းသည် မိမိတို့နိုင်ငံအနေဖြင့် ဆောင်ရွက်သင့်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းတစ်ခုဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ ကုန်ထုတ် လုပ်မှုများရှိမှသာ ပို့ကုန်များရရှိမည်ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုများ မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပြည်ပဈေးကွက်ရရှိရေးအတွက် နိုင်ငံတကာဈေးကွက်ကို အမြဲမပြတ် သုတေသနပြုဆောင်ရွက်နေရန်လိုကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
အောင်မြင်အောင်ဆောင်ရွက်
ထို့နောက် စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလည်ပတ်မှုများ အပြည့်အဝလည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့်လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်သဖြင့် လုပ်ငန်းများအားလုံး ဝင်ငွေနှင့် ထွက်ငွေညီမျှနေရေး စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်နေရန်လိုကြောင်း။
ဘဏ်များ၌ ငွေကြေးအပ်နှံမှုများ များစွာရှိ
အသစ်ထုတ်ပြန်လိုက်သည် နှစ်သောင်းတန် ငွေစက္ကူထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေလိုအပ်ချက်မရှိသကဲ့သို့ နိုင်ငံအတွင်းလည်ပတ်သုံးစွဲငွေများ မျှတစွာဖြင့်ရှိနေကြောင်း၊ အဆိုပါနှစ်သောင်းတန် ထုတ်လုပ်ခြင်းသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအတွင်းငွေကြေး လည်ပတ်မှုအနေဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ဘဏ်များ၌ ငွေကြေးအပ်နှံမှုများများစွာရှိကြောင်း၊ ယခုကဲ့သို့ နှစ်သောင်းတန်ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှုလုံးဝဖြစ်ပေါ်စေမည် မဟုတ်ကြောင်း၊ စီးပွားရေးအရ ကမောက်ကမဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်း၊ အစိုးရ၏ စီးပွားရေးလုပ်ငန်းများသည် အမြတ်အစွန်းထက် တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ကြောင်း၊ အရှုံးပေါ်နေခြင်းလည်းမဖြစ်သင့်ကြောင်း၊ မိမိတို့ စီးပွားရေးရာ ကော်မတီသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရေးကြီးသည့် ကဏ္ဍတွင်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင် ရေးအတွက် အာရုံစိုက်ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းပြည်အကျိုးကိုကြည့်၍ ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ည ၇ နာရီခွဲတွင် ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်