မြန်မာနိုင်ငံ၌ အရေးတကြီးလိုအပ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေး ရရှိရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲများသည် အထူးအရေးကြီးပါသည်။ အရေးတကြီးလိုအပ်နေသော ထိုအရေးကိစ္စများသည် နိုင်ငံရေးပြဿနာများ ဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းများတွင် အောင်မြင်စွာ အဖြေရှာကြမည် ဖြစ်သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် အဓိကကျသည့် အဖွဲ့အစည်းဖြစ်သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ UPDJC အစည်းအဝေး ၁၄) ကြိမ် ကျင်းပနိုင်ခဲ့ပြီး ဆွေးနွေးပွဲများတွင် မတူကွဲပြားသည့် သဘောထားများဖြင့် ငြင်းခုံဆွေးနွေးခဲ့ကြသည်။ မတူကွဲပြားကြသော်လည်း တစ်ဦးနှင့်တစ်ဦး အခင်အမင်မပျက်၊ ရင်းနှီးမှုမပျက် လုပ်ဖော်ကိုင်ဖက်အဖြစ် ငြိမ်းချမ်းရေးအတွက် နားလည်မှုရှိရှိ ဖော်ဆောင်ခဲ့ကြသည်။ မတူကွဲပြားသည့်မိတ်ဆွေ အဖြစ်နှင့် ပြည်ထောင်စုတစ်ခုလုံး အကျိုးအတွက် မျှော်မှန်းဆောင်ရွက်ကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတစ်ခုအတွက် သာမဟုတ်၊ ငြိမ်းချမ်းရေး သက်သက်လည်းမဟုတ်၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များပါဝင်နေသဖြင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်။ ဆောင်ရွက်နေသော နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်၏ အဓိကဦးတည်ချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီ အခြေခံမူများနှင့် ဖက်ဒရယ်အခြေခံမူများ ဖော်ထုတ်နိုင်ရေးဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါက ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောလာမည် ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံ၏ နိုင်ငံရေးမျက်နှာစာတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး သည် အားလုံးလက်ခံသည့် ပြည်ထောင်စုပန်းတိုင်အဖြစ် ရှေးရှုတက်လှမ်းနေကြပြီဖြစ်သည်။ ထိုသို့ တက်လှမ်းရာ၌ “အဓိကအချက်ကတော့ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းကြသူတွေဟာ မိမိတို့ ကိုယ်စားပြုတဲ့ အစုအဖွဲ့ တစ်ဖွဲ့တည်းရဲ့ အကျိုးစီးပွားထက် ပြည်ထောင်စု တစ်ခုလုံးရဲ့ အကျိုးစီးပွား တိုင်းရင်းသား ပြည်သူအားလုံးရဲ့ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်သစ်တွေရဲ့ အကျိုးစီးပွားကို ရှေးရှုကြဖို့လည်း အရေးကြီးပါတယ်။ စေ့စပ်ညှိနှိုင်းကြရာမှာ အပေးအယူ အလျှော့အတင်း ဆောင်ရွက် နိုင်တဲ့ ပျော့ပျောင်းသူတွေဖြစ်ဖို့ လိုအပ်သလို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်ကို လျှောက်လှမ်းရာမှာ မဆုတ်မနစ်၊ သတ္တိရှိရှိ ဆောင်ရွက်နိုင်တဲ့ သဝန်မာကျောသူတွေ ဖြစ်ဖို့လည်း အင်မတန်လိုအပ်ပါတယ်” ဟု (၁၉) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
အားလုံးလက်ခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် ငြိမ်းချမ်းရေးတည်ဆောက်မှုကို အခြေခံမှ အဆင်ပြေမည့် ပကတိအခြေအနေမှန်များရှိနေသည်။ ငြိမ်းချမ်းရေးတွင် မတူကွဲပြား အငြင်းပွားနေ သည့် အခက်အခဲများ၏ အရင်းခံဇာစ်မြစ်သည် နိုင်ငံရေးအရကြုံတွေ့နေရသော ပြဿနာမဟုတ်ဘဲ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုအရ ကြုံတွေ့နေရသော ပြဿနာများဟု ဆိုနိုင်သည်။ ထို့ကြောင့် နှစ်ပေါင်းရှည်ကြာစွဲမြဲလာခဲ့သော မယုံကြည်မှုများကို လျော့ပါးသွားစေရန်အတွက် တစ်ဖက်နှင့် တစ်ဖက် အပေးအယူ၊ အလျှော့အတင်း ပျော့ပျောင်းစွာဆက်ဆံခြင်းဖြင့် ဆွေးနွေးအဖြေရှာဖို့ လိုအပ်မည် ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးရေးနှင့် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်တည်ဆောက်ရေး၊ နောက်ဆုံး ပြည်ထောင်စုတိုင်းရင်းသား ပြည်သူအားလုံး၏ အနှစ်နှစ်အလလက မျှော်လင့်ခဲ့ကြသည့် ပြည်ထောင်စု ကြီး ဖြစ်ပေါ်လာရေးအတွက် စတင်လျှောက်လှမ်းနိုင်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို နည်းလမ်းရှာပြီး ပုံဖော်ပေးနိုင်မည်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ပင်ဖြစ်သည်။ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၃)သည် မြန်မာနိုင်ငံ၏ အနှစ်နှစ်အလလကဖြစ်ပေါ်ခဲ့သော ပြဿနာများကို လက်တွေ့ကျကျဖြေရှင်းနိုင်မည့် လုပ်ငန်းစဉ်တစ်ရပ်ကို စတင်ပုံဖော် ဖန်တီးလိုက်ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စု၏ပန်းတိုင်ဖြစ်သည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် သမိုင်းဝင်ပဋိညာဉ်တစ်ရပ် ဖြစ်လာတော့မည့် စာချုပ်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး တွင် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ရန် တညီတညွတ်တည်း လက်တွဲမဖြုတ်တမ်း ရှေးရှုတက်လှမ်း ကြိုးပမ်းအားထုတ်နိုင်ကြလိမ့်မည်ဟု အလေးအနက်ယုံကြည်ပါကြောင်း။ ။