မုံရွာ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့အတွင်းရှိ နွယ်ငြိမ်းကျေးရွာနှင့် ဝက်လက်မြို့နယ်အတွင်းရှိ အင်ဒေါင်းကျေးရွာတို့ရှိ ရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနေရာ(၂)ခုသို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် (၁၉၇၆)ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးထံမှ သိရသည်။
နွယ်ငြိမ်းရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် မြန့်မာ့ရိုးရာစဉ့်ထည်လုပ်များကို အသေးစိတ်လေ့လာနိုင်မည်ဖြစ်ပြီး အင်ဒေါင်းရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် ဧရာဝတီလင်းပိုင်များကို လေ့လာနိုင်သည့်အပြင် ဧရာဝတီလင်းပိုင်နှင့် ဒေသခံ ရေ လုပ်သားများပူးပေါင်းပြီး ငါးဖမ်းသည့်အလေ့အထကို လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ အတွင်းရှိ နွယ်ငြိမ်းရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသို့ ပြည်တွင်းခရီးသွား(၁၀၀)ဦးနှင့် ပြည်ပခရီးသွား(၆၂၇)ဦးသည်လည်းကောင်း၊ အင်ဒေါင်းရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသို့ ပြည်တွင်းခရီးသွား(၈၃၄)ဦးနှင့် ပြည်ပခရီးသွား ဧည့်သည်(၄၁၅)ဦးတို့ ညအိပ်တည်းခိုလည်ပတ်ခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)