Skip to main content

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးလှမိုးအောင် ကလေးစာပေပွဲတော်(မြန်အောင်) ဖွင့်ပွဲ တက်ရောက်

မြန်အောင်   ဇန်နဝါရီ   ၁၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြန်အောင်မြို့နယ် ကလေးစာပေပွဲတော်(မြန်အောင်)၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်း ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက မြန်အောင်မြို့အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကလေးစာပေပွဲတော်(မြန်အောင်)ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသူ/ကျောင်းသား များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားအစီအစဉ်ကို အောင်ဇေယျခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက "ကလေးစာပေပွဲတော် Theme Song" သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်အောင်မြို့နယ် ကလေးစာပေပွဲတော်ကို ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်း ပါဝင်တတ်သည့် အလေ့အထကောင်းများ ဖြစ်လာစေရန်၊ ပညာဗဟုသုတနှင့် လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန်၊ ကျောင်းနေအရွယ်ကလေးငယ်များ ကလေးစာပေပွဲတော်နှင့်ပတ်သက်၍ ကျယ်ပြန့်စွာသိရှိပြီး အများစုပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊ အလားတူ ခရိုင်အဆင့်အနေဖြင့် ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြ ခရိုင်တို့တွင်လည်း ကလေးစာပေပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ကြောင်း၊ ပွဲတော်ကို ကလေးသူငယ်များ ရင်ထဲတွင် သိချင်သည့် စိတ်၊ တတ်ချင်သည့် စိတ်၊ လေ့လာသင်ယူချင်သည့် စိတ်များ တစ်သက်တာ ကိန်းအောင်း ပေါ်ပေါက်လာစေရန်လည်း ရည်ရွယ်ပါကြောင်း။

ရိုးသားကြိုးစား ဧရာဝတီသားများ ဆောင်ပုဒ်နှင့်အညီ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းတွင် ပြသထားသည့် နယ်ပယ်စုံမှ ပုဂ္ဂိုလ်ကြီးများကဲ့သို့ ထူးချွန်သော ပုဂ္ဂိုလ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မြို့နယ်အဆင့် ကလေးစာပေပွဲတော်များကို ချောင်းသာမှစ၍ ခရိုင်အဆင့်(၂)မြို့နယ်၊ မြို့နယ်အဆင့် (၁၃)မြို့နယ်၊ မြို့အဆင့်(၂)မြို့၊ စုစုပေါင်း(၁၇)မြို့နယ် ကျင်းပခဲ့ပြီး ကြိတ်ကြိတ်တိုး စည်ကားခဲ့ကာ နောင်နှစ်များတွင်လည်း ယခုကဲ့သို့ ကလေးစာပေပွဲတော်များကို ကျင်းပပေးစေလိုကြောင်း ပြည်သူများထံမှ ကြားသိရသည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ဝမ်းသာပီတိ ဖြစ်ရကြောင်း ပြောကြားသည်။

ထို့နောက် မြန်အောင်မြို့နယ်အတွင်းရှိ ရေနံမြေစာကြည့်တိုက်၊ ရသအောင်မြေ ရပ်ကွက်စာကြည့်တိုက်၊ သိဒ္ဓိအောင်ကျေးရွာစာကြည့်တိုက်များနှင့်ဆေးရုံ အထောက်အကူပြု အဖွဲ့တို့သို့ ငွေကျပ် (၃)သိန်းစီနှင့် Wisdom Box စာကြည့်တိုက်ဖွံ့ဖြိုးရေးအစီအစဉ်အတွက် ငွေကျပ် (၂)သိန်းပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကလေးစာပေပွဲတော် (မြန်အောင်) ၌ ခင်းကျင်းပြသထားသည့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ကလေး စာဖတ်ခန်း၊ ပြိုင်ပွဲများ၊ မြန်အောင်ရေနံမြေ၊ ပညာရေး၊ ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုသရေး၊ စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးပြခန်းနှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းပြခန်းများ၊  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Unicode စနစ်ပြောင်းလဲရေး ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်နေမှုများ၊ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၌ ကလေးစာပေပွဲတော်များကို ဆက်လက် ကျင်းပလျက်ရှိရာ ယနေ့ပြုလုပ်သော ကလေးစာပေပွဲတော် (မြန်အောင်) ကို တိုင်းဒေသကြီး အတွင်း (၁၇) ကြိမ်မြောက် မြို့နယ်အဖြစ် မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပလျက်ရှိပြီး ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ လာရောက်ပါဝင်ဆင်နွှဲ နိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)