နေပြည်တော် ဩဂုတ် ၁၉
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘင်းမ်စတက် ပဋိညာဉ် စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ယနေ့အဆိုပြုတင်ပြသည့် ပဋိညာဉ် စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီပြီးပါက မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်သည်ကို ဘင်းမ်စတက် အတွင်းရေးမှူးရုံးသို့ အကြောင်းကြားစာပေးပို့ သွားမည်ဖြစ်ပါကြောင်း၊ ကျင်းပရန်ရှိသည့် ပဥ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ် သီးအစည်းအဝေးတွင် အခြား အဖွဲ့ဝင်နိုင်ငံများနည်းတူ ပါဝင်လက်မှတ်ရေးထိုးရမည် ဖြစ်ပါကြောင်း၊ လက်မှတ်ရေးထိုး ပြီးသည့်အခါတွင် အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ပဋိညာဉ် စာတမ်းကို အပြီးသတ်အတည်ပြု ခြင်းပြုလုပ်ရန်အတွက် ပြည်တွင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီး ဘင်းမ်စတက်အတွင်း ရေးမှူးရုံးသို့အပြီးသတ် အတည်ပြုလွှာ အသီးသီး ပေးပို့သွားကြရမည်ဖြစ်ပါကြောင်း၊ ဘင်းမ်စတက်အတွင်းရေးမှူးရုံးတွင် အဖွဲ့ဝင်နိုင်ငံ အားလုံး၏ အပြီးသတ်အတည်ပြုလွှာ (၇)စောင်စုံညီစွာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) ပြည့်မြောက်သည့်နေ့တွင် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းသည် အသက်ဝင်လာမည်ဖြစ်ပါ ကြောင်း။
ဘင်းမ်စတက်ပဋိညာဉ်စာ တမ်းတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးခြင်းအားဖြင့် ဘင်းမ်စတက်အနေဖြင့် ၎င်း၏ရည်ရွယ်ချက်နှင့် မူဝါဒများ၊ လုပ်ငန်းဆောင်ရွက် မှုဆိုင်ရာ ဖွဲ့စည်းမှုပုံစံများ၊ အဖွဲ့ဝင်နိုင်ငံများ လိုက်နာရမည့် ကျင့်ဝတ်များနှင့် တာဝန် ဝတ္တရားများကို ခိုင်မာစွာ ကျင့်သုံးသွားနိုင်မည် ဖြစ်သည့် အတွက် ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်း စဉ်တစ်ခုလုံးအတွက် အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ထို့ပြင် မြန်မာနိုင်ငံကိုယ်တိုင်ပါဝင် ထားသည့် ဘင်းမ်စတက်အဖွဲ့ကြီးသည်လည်း ဥပဓိဂုဏ်ရှိသည့် အဖွဲ့အစည်းတစ်ရပ် အဖြစ်လည်း ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘင်းမ်စတက် ပဋိညာဉ်စာတမ်းအား မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုး အတည်ပြုရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ သဘောတူနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။
ယင်းနောက် ၂၀၂၀ - ၂၀၂၁ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့် အခြေခံသဘော များ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက ရငွေလျာထားချက်များသည် လျာထားသကဲ့သို့ ပြည့်မီအောင် မရရှိပါက သုံးစွဲရမည့် အသုံးစရိတ်များအတွက် အခက်အခဲများစွာ ကြုံတွေ့လာနိုင်ပြီး ချေးငွေအပေါ်တွင် မှီခိုရမှု ပိုမိုများလာနိုင်ပါကြောင်း၊ ထို့ပြင် CERP စီမံချက်၏ ပန်းတိုင် (၇)ချက်ကိုလည်း မလွဲမသွေအကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သာမန်အသုံးစရိတ်အနေဖြင့် မသုံးမဖြစ် သုံးစွဲရမည့်ငွေက ပိုမိုများပြားလာမည် ဖြစ်သည့်အတွက် ငွေလုံးငွေရင်းလုပ်ငန်းစဉ်များတွင် မလိုအပ်သေးသည့် လုပ်ငန်းများ၊ အသစ်ဝယ်ယူရန် မလိုအပ်သေးသည့် ပုံသေပိုင်ပစ္စည်းများ၊ ပြင်ဆင်စရိတ်များ စသည်တို့ကို ချွေတာပြီးတောင်းခံသုံးစွဲကြရန် လိုအပ်ပါ ကြောင်း အကြံပြုဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံတွင် နှစ်စဉ်ဓာတ်ဆီတန်ချိန် သန်းနှင့်ချီ၍ ပြည်ပမှ တင်သွင်းပါကြောင်း၊ ယင်းဓာတ်ဆီနှင့် ရောနှောသုံးသည့် အီသနောလောင်စာကို ပြည်တွင်းအရက်ချက် စက်ရုံများမှ ကြံ၊ သကြား၊ ပြောင်း၊ ဆန်၊ ပလောပီနံစသည့် ကုန်ကြမ်းများအခြေခံ၍ ထုတ်လုပ်နိုင်ပါကြောင်း၊ ဘေးထွက် ပစ္စည်းများကိုလည်း တိရစ္ဆာန်အစားအစာနှင့် ဇီဝဓာတ်ငွေ့၊ ဇီ၀မြေဩဇာအဖြစ် အသုံးပြုနိုင်ပါကြောင်း၊ ၂၀၀၉ခုနှစ်တွင် အစိုးရအနေဖြင့် ကုမ္ပဏီကို လုပ်ပိုင်ခွင့်ချထား ပေးခဲ့သော်လည်း ဥပဒေ၊ နည်းဥပဒေ၊ စံ၊ လုပ်ထုံးလုပ်နည်းများ စနစ်တကျ မရှိခဲ့သည့်အတွက် မအောင်မြင်ခဲ့ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ ဦးဆောင်၍ လောင်စာဆီနှင့် အီသနောရောနှာ ရောင်းချရန်အတွက် လိုအပ်သည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ စံ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်လုပ်ဆောင်ပေးပါရန် အထူးလိုအပ်နေပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟန်သူက လာမည့်နှစ်ကာလသည် COVID – 19 ရောဂါကြောင့် နယ်ပယ်ပေါင်းစုံတွင် ထိခိုက်မှုများရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရငွေ/သုံးငွေ ရည်မှန်းချက် ပြည့်မီခြင်းမရှိပါက အမျိုးသားစီမံကိန်းများလည်း ရည်မှန်းချက်အပြည့်အဝ အောင်မြင်နိုင်မည် မဟုတ်ပါ ကြောင်း၊ သို့ဖြစ်၍ ၂၀၂၀ - ၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် လိုငွေများပြားမှုအား ပြန်လည်စိစစ်သင့်ပါကြောင်း၊ ယခုကဲ့သို့ ကာလများတွင် အသုံးစရိတ် လျှော့ချပြီး ရငွေပိုမိုရရှိစေရန် ဆောင်ရွက်နိုင်မှသာ နိုင်ငံအတွက် ပိုမိုအကျိုးရှိမည်ဖြစ်သည့်အတွက် ရငွေပိုမိုရရှိနိုင်သည့် နည်းလမ်းများလည်း ရှာဖွေသွားသင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းက ဘတ်ဂျက်စစ်ဆေးချိန်တွင် များပြားလှသည့် micro ကိန်းဂဏန်းများအပေါ်တွင်သာအခြေခံပြီး အချိန်ကုန်နေရသည်မှာ အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ထို့ပြင် တင်ပြတောင်းခံလာသည့် တန်ဖိုးသည် မြေပြင်နှင့် လွှဲချော်နေခြင်း၊ သုံးစွဲရမည့် လုပ်ငန်းနှင့် ပစ္စည်းတန်ဖိုး မတန်တဆဖြစ်နေခြင်း၊ နိုင်ငံ၏ဘဏ္ဍာရေး အခြေအနေကို ငဲ့ညှာမှုမရှိဘဲ တောင်းခံနေခြင်းများအတွက် အစိုးရအဖွဲ့အနေဖြင့် စံသတ်မှတ်ချက်များဖြင့် စနစ်တစ်ခုတည်ဆောက်ရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် အကျိုးရှိပြီး သိလွယ်မြင်လွယ်မှုရှိမည့် ဘတ်ဂျက်နှင့် စီမံကိန်းလျာထား ချက်များကို ရေးဆွဲဖော်ဆောင်ပေးစေလိုပါကြောင်းနှင့် အနာဂတ်နိုင်ငံ တော်နှင့် နောင်လာမည့် မိမိတို့၏ မျိုးဆက်များအတွက် စဉ်းစားပြီး အလုပ်လုပ်ကိုင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။
လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီက ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့တွင် သင်ကြားရေးဆရာ၊ ဆရာမများ များစွာ လိုအပ်ချက်နေပါကြောင်း၊ ဆရာ၊ ဆရာမများကို ယခုပညာသင်နှစ်အတွင်း အပြည့်အဝ ခန့်အပ်တာဝန်ပေးနိုင်ပါရန် အကြံပြုလိုပါကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် လက်ထောက်ဆရာဝန်များ ခန့်အပ်တာဝန်ပေးရန် ဆောင်ရွက်ခဲ့သော်လည်း လာရောက်လျှောက်ထားသည့် လက်ထောက်ဆရာဝန်များ နည်းပါးခဲ့ပါကြောင်း၊ ထို့ကြောင့် လက်ထောက်ဆရာဝန်များ ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် မူဝါဒများပြန်လည်ပြင်ဆင်ပြီး မိဘပြည်သူများ၏ ကျန်းမာရေးအတွက် အလျင်အမြန်ဆောင်ရွက် ပေးနိုင်ပါရန် အကြံပြုလိုပါ ကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စတို့နှင့် စပ်လျဉ်း၍ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော်စိုး၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးလွင်၊ လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ ဆိပ်ကြီး/ ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေနှင့် ဗန်းမောက် မဲဆန္ဒနယ်မှ ဦးကျော်စိုးတို့က ဆက်လက်ဆွေးနွေးကြသည်။
ဆက်လက်၍ ၂၀၂၀ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးက ဥပဒေကြမ်းအပိုဒ် (၂၃)တွင်ပါရှိသည့် စုစုပေါင်းအသားတင်အမြတ်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်ဆိုသည့်နေရာတွင် ၂၀ ရာခိုင်နှုန်းဖြင့် စည်းကြပ်ရမည်ဟု ပြင်ဆင်ချက်အဆိုကို တင်သွင်းအပ်ပါကြောင်း၊ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သည့် နေရာတွင် တစ်နှစ်ထက်တစ်နှစ် တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခွန်ပေးဆောင်ရမှုအပေါ် ပြည်သူလူထုအနေဖြင့် အဓိပ္ပာယ်ကောက်ယူမှု မလွှဲချော်စေရန်၊ အခွန်ယဉ်ကျေးမှုကို နားလည်သဘောပေါက်စေရန် အခွန်အာဏာပိုင်များ အနေဖြင့် စီမံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော်မျိုးက နိုင်ငံ၏ လိုငွေကို ပြည်ပမှ ချေးငွေရယူဖြည့်ဆည်းလည်ပတ်ပြီး ကြွေးမြီများပြန်လည် ပေးဆပ် နေရသည့် ယခုကဲ့သို့ အခြေအနေတွင် နိုင်ငံတော်၏ ရငွေလျာထားချက်များကို ပြည့်မီစေရန်သာမက ရသင့်ရထိုက်သောဝင်ငွေများ အပြည့်အဝရရှိရေး အလေးထားဆောင်ရွက်သင့် ပါကြောင်း၊ ထို့ကြောင့် ဥပဒေကြမ်း၏ အပိုဒ်(၁၁)၊ အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲ ငယ် ၃၊ ဇယားအမှတ်စဉ် (၁) က မှ ဃ နှင့် ဇယားအမှတ်စဉ် (၈) က မှ ဏ တို့တွင် ပါရှိသည့် စီးကရက် အမျိုးမျိုးနှင့် အရက်အမျိုးမျိုး အထူးကုန်စည် အခွန်နှုန်းများနှင့် အပိုဒ်(၂၅)တို့ကို စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရကိုယ်စား တင်သွင်းသော ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်ပါ ကြောင်း ဆွေးနွေးသည်။
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ်၊ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စောထွန်းအောင်နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်တို့က ဆက်လက်ဆွေး နွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့ ကို ဩဂုတ် ၂၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်