ခရီးသွားလုပ်ငန်းသည် MSME စီးပွားရေးလုပ်ငန်းများအနက် ဝန်ဆောင်မှုကဏ္ဍတွင်ပါဝင်သည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဒေသအလိုက် ထူးခြားသောဝိသေသလက္ခဏာများဖြင့် မတူကွဲပြားစွာပိုင်ဆိုင်ထားကြသည့် ခရီးသွားဆွဲဆောင်မှုများကို ဖော်ထုတ်အသုံးချနိုင်ရန်လိုအပ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသသည် လှပသော ရေမြေသဘာဝပတ်ဝန်းကျင်များ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းဝင်နေရာများ၊ တိုင်းရင်းသားလူမျိုးစုံတို့၏ ရိုးရာဓလေ့ထုံးတမ်းများ စသည်တို့ကို မြောက်မြားစွာပိုင်ဆိုင်ထားပြီး အများစုမှာ ဖော်ထုတ်အသုံးမချနိုင်သေးသည့် ရတနာသိုက်သဖွယ် တည်ရှိနေခြင်းဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၉ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် “ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် သဘာဝရေမြေတောတောင်အလှအပများနှင့် အရင်းအမြစ်များစွာ ရှိပြီးဖြစ်သည့်ဒေသဖြစ်ကြောင်း၊ ဂုတ်ထိပ်တံတားနှင့် တောတောင်ရေမြေသဘာဝအလှများသည် ခရီးသွားများကို ဆွဲဆောင်နေသည့်နေရာတစ်ခုဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်းသာယာလှပရေး၊ သန့်ရှင်းသပ်ရပ်ပြီး မျက်စိပသာဒဖြစ်ဖွယ်ရှိစေရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားမည်ဆိုပါက ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင်“ဒေသထွက်အစားအစာများ အရည်အသွေးကောင်းမွန်ရေး၊ တည်းခိုနေထိုင်ရေး၊ သွားလာရေးများကို ကောင်းမွန်အောင်ဆောင်ရွက်ပြီး ကောင်းမွန်သည့်ဝန်ဆောင်မှုကိုပေးနိုင်မှသာလျှင် ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ဒေသတွင်းသို့ခရီးသွားများလာရောက်ခြင်းဖြင့် ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း”ကိုလည်း အကြံပြုဆွေးနွေးခဲ့သည်။
ခရီးသွားလုပ်ငန်းသည် အောင်မြင်မှုရရှိပါက အကျိုးဖြစ်ထွန်းမှုအနေဖြင့်လည်း ကြီးကြီးမားမားရရှိနိုင်သည်။ ခရီးသွားလုပ်ငန်း ရေရှည်အောင်မြင်ရေးအတွက် အခြေခံအဆောက်အအုံများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ဟိုတယ်နှင့်တည်းခိုနေရာများ၊ လျှပ်စစ်နှင့်အင်တာနက်ဆက်သွယ်မှုများ၊ ငွေကြေးနှင့်ဘဏ်စနစ်များ အဆင့်မြင့်ကောင်းမွန်ရန်လိုအပ်သည်။ လေဆိပ်များကိုလည်း နိုင်ငံတကာအဆင့်မီအောင် မြှင့်တင်ပေးရန်နှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းကိုအသုံးပြုကာ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ခြင်း၊ ခရီးသွားများအတွက် လိုအပ်သောသတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများပေးခြင်းတို့ကို လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန် ဆောင်ရွက်ပေးနိုင်ရန်လည်း ဆောင်ရွက်ထားရမည်ဖြစ်သည်။
ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်း ပို့ဆောင်ဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေးအတွက် လားရှိုးလေဆိပ်၊ လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်း၊ လားရှိုး-မန္တလေး ရထားလမ်း ပြန်လည်ပြေးဆွဲနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခြင်း၊ မန္တလေး- လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ဆက်လက်၍ ခြောက်လမ်းသွားအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကို နိုင်ငံတော်ကဆောင်ရွက်လျက်ရှိရာ လမ်းပန်းဆက်သွယ်မှုတို့ ပိုမိုလျင်မြန်ချောမွေ့လာမည်ဖြစ်သလို ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူလျင်မြန်လာမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သကဲ့သို့ ဒေသ၏ခရီးသွားလုပ်ငန်း အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်သည်။
အထက်ဖော်ပြပါ ဖွံ့ဖြိုးတိုးတက်မှုများရရှိရေးအတွက် လုပ်ငန်းများကို အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်ရန် အရေးကြီးဆုံးလိုအပ်ချက်မှာ ဒေသတည်ငြိမ်အေးချမ်းရေးပင်ဖြစ်ရာ မိမိနှင့်တကွ မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့တွင် အားလုံးညီညာပူးပေါင်းပါဝင် ကြိုပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)