ကမ္ဘာပေါ်တွင် ဆက်သွယ်ရေးနည်းပညာများ အလျင်အမြန်တိုးတက်လာမှုနှင့်အတူ မြန်မာနိုင်ငံတွင်လည်း ဆက်သွယ်ရေးကွန်ရက်ကို တည်ထောင်အသုံးပြုနိုင်ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးနည်းပညာဖြင့် အထောက်အကူပြုရန်၊ ဖွံ့ဖြိုးတိုးတက်လာသည့် ဆက်သွယ်ရေးကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပမှအခွင့်အလမ်းတူမျှသော ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများကို ဝန်ဆောင်မှုပေးနိုင်စေရန်၊ အများပြည်သူဆက်သွယ်အသုံးပြုနိုင်သည့် အခွင့်အလမ်းများပိုမိုရရှိလာစေရန်၊ လုပ်ကိုင်သူတို့နှင့် အသုံးပြုသူတို့အား အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူလုံခြုံရေးအတွက် ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားအတွက် ခေတ်နှင့်အညီဆောင်ရွက်နိုင်ရန် တည်ဆောက်ပေးထားသော ဆက်သွယ်ရေးကွန်ရက်များ၏ အကျိုးပြုမှုများကို အသုံးချ၍ မသမာသူတို့က ဥပဒေနှင့်မညီသည့် အကျိုးစီးပွားရှာဖွေမှုများပြုလုပ်လာကြသည်။ ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ လူမှုကွန်ရက်အွန်လိုင်းပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ မဟုတ်မမှန်သတင်းများ၊ သွေးထိုး လှုံ့ဆော်မှုများ၊ အမုန်းစကားများ၊ လိမ်လည်လှည့်ဖြားမှုများတိုးပွားနေသည်ကို သတိပြုကြရမည်ဖြစ်သည်။ ဆက်သွယ်ရေးနည်းပညာ ထွန်းကားလာသောအခါ ကျယ်ပြန့်နက်နဲမှုအတိုင်းအတာအရ အရေးယူကိုင်တွယ်မှုအပိုင်းတွင် စိန်ခေါ်မှုများရှိနေသည်။
ဆက်သွယ်ရေးနည်းပညာကိုအသုံးချ၍ ပြည်တွင်း၌ ဥပဒေနှင့်မညီသည့် ဆောင်ရွက်မှုများရှိနေသည့်အပြင် ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ နိုင်ငံဖြတ်ကျော်မှုခင်းများအထိရှိလာသည်ကို တွေ့ရသည်။ အထူးသဖြင့် ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ လိမ်လည်လှည့်ဖြားမှု၊ လူကုန်ကူးမှု၊ လောင်းကစားမှုများ ကျယ်ပြန့်လာသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အွန်လိုင်းပေါ်၌ အသရေဖျက်မှု ၂၄၈၅ မှု၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အွန်လိုင်းပေါ်၌ လိမ်လည်မှု ၅၂၆ မှုဖြစ်ပွားခဲ့သည်။ မျက်မှောက်ကာလတွင် စီးပွားရေးလုပ်ကိုင်ကြရာ၌ အွန်လိုင်းကို အဓိကအားပြုအသုံးချကြသည်။ အကျိုးရှိထိရောက်မှုရှိသဖြင့် တွင်ကျယ်စွာ အသုံးပြုလာကြသည်။
အွန်လိုင်းပေါ်တွင် ရိုးသားစွာလုပ်ကိုင်ကြသူများရှိသလို မရိုးမသားလုပ်ကိုင်ကြသူများလည်းရှိသည်။ လူတို့၏ မက်မောမှုတဏှာအရ လိုချင်တပ်မက်စိတ်သည် ရှေ့ဆောင်နေသည်။ လူတို့၏သဘာဝနှင့်တပ်မက်မှုတို့ကို အခွင့်ကောင်းယူ၍ အွန်လိုင်းပေါ်မှ လိမ်လည်မှုများစွာ ပေါ်ထွက်လာသည်။ ကုန်ပစ္စည်းအရည်အသွေး အာမခံချက်ကို မျက်မြင်ကိုယ်တွေ့မသိရှိနိုင်ဘဲ အွန်လိုင်းပေါ်တွင်တွေ့ရှိရုံဖြင့် ချက်ချင်းမှာယူမိပြီး ဆုံးရှုံးမှုများနှင့်ကြုံတွေ့ရသူ အမြောက်အမြားရှိသည်။ မသမာသူစီးပွားရေးသမားများက လူတို့၏အားနည်းချက်ကိုအသုံးချ၍ တစ်ချီတည်းနှင့် အလုပ်ဖြစ်သွားကြသူများရှိသည်။
ယခုအခါ ဆက်သွယ်ရေးနည်းပညာအသုံးပြု၍ လောင်းကစားမှုများကျယ်ပြန့်လာသည်။ မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်ဒေသများတွင် လောင်းကစားမှုများကို တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းနှိမ်နင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ နှိမ်နင်းတိုက်ဖျက်ရန်အတွက် နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဆက်သွယ်ရေးလိမ်လည်မှုများသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကိုထိခိုက်စေပြီး ပြည်တွင်း၊ ပြည်ပမှ ပြည်သူများ စိုးရိမ်ပူပန်မှုကိုဖြစ်စေသည်။ ထို့ကြောင့် ဆက်သွယ်ရေးလိမ်လည်မှုများကို ထိရောက်စွာတိုက်ဖျက်နိုင်ရန်အတွက် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်သလို အားလုံးပါဝင်လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဆက်သွယ်ရေးလိမ်လည်မှုများနှင့် လောင်းကစားမှုများတိုက်ဖျက်ရာတွင် ပြတ်သားသောရပ်တည်ချက်ဖြင့် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံများနှင့်အတူ ထိထိရောက်ရောက်လက်တွဲဆောင်ရွက်လျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့်အတူ နောက်ဆက်တွဲ တိုက်ဖျက်နှိမ်နင်းရေးလှုပ်ရှားမှုများကို ညှိနှိုင်းဆောင်ရွက်ပြီး ပုံမှန်ဆောင်ရွက်ရေးယန္တရားထူထောင်ရန်လည်း သဘောတူညီထားသည်။ ဆက်သွယ်ရေးလိမ်လည်မှုများ၊ လောင်းကစားမှုများနှင့်ဆက်နွှယ်သည့်ရာဇဝတ်မှုများကို နှစ်နိုင်ငံပြည်သူများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးအတွက် အလေးထားဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်သူများအနေဖြင့် အွန်လိုင်းပေါ်မှ လိမ်ညာလှည့်ဖြားမှုများ၊ လောင်းကစားမှုများကို သတိပြုရှောင်ရှားရန်လိုအပ်ပြီး ဆောင်ရွက်မိမည်ဆိုပါက ဥပဒေနှင့် ငြိစွန်းကာ အရေးယူခံရနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။ ယခုအခါ ဆက်သွယ်ရေးနည်းပညာကိုအသုံးချပြီး လိမ်လည်မှုများ၊ လောင်းကစားမှုများကို ထိထိရောက်ရောက် တိုက်ဖျက်နေပြီဖြစ်၍ ဆက်သွယ်ရေးနည်းပညာကို မမှန်ကန်သောနည်းလမ်းဖြင့် အသုံးမချရန်နှင့် မသိနားမလည်၍ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ မပါဝင်မိစေရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)