Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၃/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၅

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၃/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကော်မတီဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များက ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဧပြီ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ငလျင်ဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ် ထောက်ပံ့ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာအကူအညီများနှင့် စပ်လျဉ်းပြီး လိုအပ်သည့်နေရာများကိုအမြန်ဆုံးရောက်ရှိဖြန့်ဝေပေးရန်၊ ဒေသအသီးသီးတွင်ရှိသည့် ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဝန်ကြီးဌာနအသီးသီးက စာရင်းဇယားများကောက်ယူပြီး အမြန်ဆုံးဖြည့်ဆည်းပေးရန်၊ အများပြည်သူပိုင်လမ်း၊ တံတားပျက်စီးမှုများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများအတွက် ရေတိုရေရှည်စီမံချက်များ ရေးဆွဲဆောင်ရွက်ကြရန်၊ ဝန်ထမ်းများကို အမြဲတမ်းအိမ်ရာများ ဆောက်လုပ်ဆဲကာလတွင် ယာယီနေထိုင်ရန်နှင့်စပ်လျဉ်းပြီး ဆောင်ရွက်ကြရန် မှာကြားထားပြီးဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု စံသတ်မှတ်ချက် (Assessment, Search & Rescue Level - ASR Level) များအနေဖြင့် အဆင့် (၁) ဘေးအန္တရာယ်ထိခိုက်ခံရသော ဧရိယာ၏အခြေအနေ၊ တည်နေရာနှင့် အခြားဘေးအန္တရာယ်များ ထပ်မံဖြစ်ပွားနိုင်မှု ရှိ/မရှိစိစစ်ခြင်း (Wide Area Assessment)၊ အဆင့် (၂) Wide Area Assessment ဆောင်ရွက်မှုမှရရှိသော သတင်းအချက်အလက်များအပေါ်မူတည်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မည့်အပိုင်းများ ပိုင်းခြားသတ်မှတ်ကာ ဘေးအန္တရာယ်လုံခြုံမှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဆင့်(၃) ဘေးဒုက္ခရောက်ရှိသော မျက်မြင်လူနာများအား ဦးစားပေးအဆင့်အတန်းအလိုက် ကယ်ဆယ်ရွှေ့ထုတ်ခြင်း၊ ပိတ်မိနေသောလူနာများအား ရှာဖွေခြင်းနှင့် အသက်ကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဆင့်(၄) ပြိုကျပျက်စီးနေသော အဆောက်အအုံများအတွင်း ပိတ်မိနေသော လူနာများ၊ အသက်ရှင်ကျန်ရစ်သူများ ထပ်မံကျန်ရှိမှုရှိ/မရှိသေချာစေရန် ဧရိယာတစ်ခုလုံးအား ခေတ်မီ နည်းပညာမြင့်ပစ္စည်းများအသုံးပြုကာ ရှာဖွေရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းနှင့် အဆင့် (၅) ရှာဖွေကယ်ဆယ်ရေး နောက်ဆုံးအဆင့်အနေဖြင့် လူအင်အားအသုံးပြုပြီး အပျက်အစီးများအား ဖယ်ရှားရှင်းလင်းရှာဖွေခြင်း၊ ယာဉ်/ယန္တရားများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းတို့ကို နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် အများဆုံးဆောင်ရွက်ပြီးစီးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။

အရေးပေါ်ကာလ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများနောက်တွင် ရှေးဦးပြန်လည်ထူထောင်ရေး (Early Recovery) ကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီကို သီးခြားဖွဲ့စည်းပြီး စစ်ဆေးခြင်း၊ ဆန်းစစ်ခြင်းများပြုလုပ်၍ အရောင်အဆင့်များ သတ်မှတ်ခွဲခြားကာ ရရှိလာသည့် အဆင့်သတ်မှတ်ချက်များကို သဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) သို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအနေဖြင့် ဧပြီ ၂၅ ရက် စာရင်းများအရ သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦး၊ ပျောက်ဆုံးသူ ၁၁၀ ရှိကြောင်း၊ ငလျင်စတင်ဖြစ်ပွားသည့်အချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတကာကို အကူအညီတောင်းခံမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာမှလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များကို တစ်တပ်တစ်အား စေလွှတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ယနေ့အချိန်ထိ လေယာဉ်ပေါင်း ၁၄၇ စင်း၊ သင်္ဘောခုနစ်စင်း၊ မော်တော်ယာဉ် ၂၃ စီးတို့ဖြင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း ၂၀၉၅ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၆၃၅ ဒသမ ၉၂ တန်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၉၇ ဒသမ ၁၂ တန် စုစုပေါင်းတန်ချိန် ၃၈၃၃ ဒသမ ၈၄ တန် ပေးပို့လှူဒါန်းကူညီကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရကြောင်း၊ နိုင်ငံတကာဆေးကုသရေးအဖွဲ့အနေဖြင့်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ယာယီဆေးရုံ၊ ဆေးခန်းများဖွင့်လှစ်၍ အရေးပေါ်ကုသမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။ ယနေ့အထိ နိုင်ငံပေါင်းခြောက်နိုင်ငံမှ ဆေးကုသရေးအဖွဲ့ဝင်အင်အား ၃၃၇ ဦးဖြင့် စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်တို့တွင် နိုင်ငံအလိုက် အဖွဲ့များခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းပြီး ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်တွင်း စေတနာရှင်အလှူရှင်များက အလှူ ငွေပေးအပ်လှူဒါန်းပွဲများတွင် နိုင်ငံတော်အစိုးရသို့ ပေးအပ်လှူဒါန်းမှုများရှိသကဲ့သို့ နိုင်ငံတကာအလှူ ရှင်များအနေဖြင့်လည်း နိုင်ငံခြားငွေဖြင့် ပြန်လည် ထူထောင်ရေးဆောင်ရွက်နိုင်ရန် လှူဒါန်းမှုများလည်းရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပ စေတနာရှင်အလှူရှင်များက နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ အလှူငွေများပေးအပ်ရာ ဧပြီလ ၂၄ ရက်နေ့အထိ ကျပ် ၁၁၅၈၇၆ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ငါးသန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် နှစ်သန်းနှင့် စင်ကာပူဒေါ်လာ ၃၁၅၀ တို့အား လက်ခံရရှိထားပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ငွေစာရင်းသို့ ထည့်သွင်းထားရှိကြောင်း၊ ယင်းအလှူငွေများကို စနစ်တကျဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ဧပြီ ၁၉ ရက်နေ့တွင် ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်ထူထောင်ရေးနှင့် လူထုစိတ်ဓာတ်ခွန်အား ဖြည့်တင်းအားပေးနိုင်ရန် သွားရောက်ခဲ့သည့် ခရီးစဉ်များတွင် ပျက်စီးသွားခဲ့သည့် ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်းကန်ဇရပ်များနှင့် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများအား အမြန်ဆုံးရှင်းလင်းနိုင်ရေးနှင့် ပုဂ္ဂလိကအဆင့်မြင့် အဆောက်အအုံများ၏ ပိုင်ရှင်အချို့မှာ ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများအား ပြန်လည်ရှင်းလင်းနိုင်ရေး ငွေကြေးမတတ်နိုင်မှုအပေါ် နိုင်ငံတော်က တတ်နိုင်သမျှ ကူညီပေးပါရန် တင်ပြချက်အရလည်း ကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်များ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လက်ရှိစက်ယန္တရားများအပြင် လိုအပ်ချက်အရလည်းကောင်း၊ အဆိုပါလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးနှင့် Early Rescue အတွက် နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးအတွက် ငွေကျပ် ၅၀ ဘီလီယံ၊ မန္တလေးတိုင်းဒေသကြီးအတွက် ငွေကျပ် ၆၀ ဘီလီယံ လက်ဝယ်ပေးအပ်ခဲ့ကြောင်း။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွက် ၁၀ ဘီလီယံနှင့် ရှမ်းပြည်နယ်အတွက် ငါးဘီလီယံကိုလည်း ထပ်မံပေးအပ်ခဲ့ကြောင်း၊ ယင်းထောက်ပံ့ငွေကို DMC အနေဖြင့်လည်း သက်ဆိုင်ရာ ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးများသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ ထိုသို့ပေးအပ်ခြင်းမှာ ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးဖယ်ရှားနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်စိတ်တစ်ဒေသ အသုံးပြုနိုင်ရေးပေးထား ခြင်းဖြစ်ကြောင်း။

အဆင့်လိုက်ပြီးစီး‌ရေး စီမံဆောင်ရွက်

ပြည်တွင်း၊ ပြည်ပထောက်ပံ့ပေးသည့်ပစ္စည်းများကို အရန်မထားဘဲ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ လက်ဝယ်အရောက် အမြန်ဆုံးဖြန့်ခွဲပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း၊ ညွှန်ကြားချက်နှင့်အညီ ပြည်ပနိုင်ငံများမှ ပေးပို့သော ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်းတန်ချိန် ၃၈၃၃ ဒသမ ၈၄ တန်အား မိမိတို့အနေဖြင့် ရောက်/ဖြန့် စနစ်ဖြင့် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုတွင် ဧပြီ ၂၄ ရက် ကနဦးစာရင်းများအရ လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြားဘာသာ ရေးအဆောက်အအုံ ၆၁၃ လုံး၊ ဆေးရုံ၊ ဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါပျက်စီးဆုံးရှုံးမှုများကိုလည်း ကာလတို၊ ကာလလတ်၊ ကာလရှည်ခွဲခြားလျက် အဆင့်လိုက်ပြီးစီး‌ရေး စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ကပ်ရောဂါကူးစက်မှု ပြဿနာများဖြစ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် နောက်ဆက်တွဲ ရောဂါများဖြစ်ပွားမှုနှင့် ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာအနေဖြင့် နိုင်ငံတကာမှ ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းကြောင့် ယနေ့အချိန်အထိ ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမရှိပါကြောင်း၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အား ပြင်းမြေငလျင်ကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၀ ခုတွင် ထိခိုက်ပျက်စီးခဲ့ရပြီး အိမ်ထောင်စု ၁၂၈၉၆၅ စု၊ လူဦးရေ ၆၂၉၂၀၆ ဦး ငလျင်ဘေးကြုံတွေ့ခဲ့ကြရကြောင်း၊ DMC ၏ ဧပြီ ၂၃ ရက် စာရင်းအရ ကယ်ဆယ်ရေးစခန်း ၁၃၅ ခုကို ပြောင်းရွှေ့နေထိုင်သူ ၄၈၆၅၆ ဦးရှိခဲ့ကြောင်း၊ မိမိအစီအစဉ်နှင့်ပြောင်းရွှေ့ နေထိုင်သူ ၁၅၉၂၃၉ ဦး၊ ငလျင် ဘေးသင့်ခဲ့သော်လည်း မိမိတို့၏နေအိမ်များတွင် နေထိုင်၍ရသည့်အတွက် ဆက်လက်နေထိုင်သူ ၄၂၁၃၁၁ ဦးရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့သည့် လူနေအိမ်များ၊ အလုံးစုံ ပျက်စီးသွားခဲ့သည့် နေအိမ်များကို နိုင်ငံတော်ကတတ်နိုင်သမျှ ထောက်ပံ့နိုင်ရေး ဖြစ်နိုင်ခြေတွက်ချက်တင်ပြရန် လမ်းညွှန်မှာကြားထားကြောင်း၊ ပျက်စီးခဲ့သည့် အိမ်အမျိုးအစားလိုက်နှင့် ပျက်စီးမှုအခြေအနေ၊ ရရှိသည့် DMC ရန်ပုံငွေနှင့် အလှူငွေအပြင် အလုံးစုံပျက်စီးမှု ကဏ္ဍအလိုက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ကုန်ကျနိုင်မည့် ငွေအခြေအနေများနှင့် နှိုင်းယှဉ်လေ့လာ၍ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ရမည့်နှုန်းထားများကိုလည်း အမြန်ဆုံး တွက်ချက်တင်ပြနိုင်ရန် လိုအပ်ကြောင်း။

အချိန်ယူပြင်ဆင်ရမည်

ဝန်ထမ်းများနှင့်ပတ်သက်၍ ပျက်စီးသွားခဲ့သည့် ဝန်ထမ်းအိမ်ရာများအလိုက် Level–1 စစ်ဆေးရေး အဖွဲ့များဖြင့်စစ်ဆေး၍ နိုင်ငံတကာအသိအမှတ်ပြု အရောင်သုံးမျိုး (အပြာရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်) သတ်မှတ်ချက်များကို အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီက ကြီးကြပ်စစ်ဆေးခဲ့ပြီး ထပ်မံ၍ Level - 2 အရ အထူးစစ်ဆေးရေးအဖွဲ့များက စက်ကိရိယာများဖြင့် စစ်ဆေးလျက်ရှိကြောင်း၊ အထူးသဖြင့် အနီရောင်နှင့် လိမ္မော်ရောင်အဆင့်သည် အလတ်စားနှင့်အကြီးစား ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယင်းပြင်ဆင်မှုများကို အင်ဂျင်နီယာ၊ ဘူမိဗေဒနှင့် ငလျင်ပညာရှင်များ ပါဝင်သည့် အကြံပြုစစ်ဆေးရေးအဖွဲ့များ၏ အကြံပြုချက်အတိုင်း အချိန်ယူပြင်ဆင်ရမည်ဖြစ်ကြောင်း၊ အပြာရောင် သတ်မှတ်ဝန်ထမ်းအိမ်ရာများကိုမူ အနည်းငယ်ပျက်စီးသည့် နံရံအုတ်မဆလာကွာကျမှု၊ ပြတင်းတံခါးပြုပြင်မှု၊ ရေ/မီးနှင့် မိလ္လာစနစ်ပြုပြင်မှုများအတွက် မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့်လည်းကောင်း ပြုပြင်နိုင်ပါက ပြုပြင်ကြရန်နှင့် DMC သို့ တင်ပြဆောင်ရွက်ရန်လိုအပ်ပါက ပျက်စီးပြုပြင်ရမည့် အချက်အလက်နှင့် Estimate ပူးတွဲ၍ အချိန်မီတင်ပြကြရန်လိုကြောင်း၊ လိမ္မော်ရောင်နှင့် အနီရောင်အဆင့်၌ နေထိုင်ခဲ့ကြသည့် ဝန်ထမ်းမိသားစုများအနေဖြင့် လတ်တလော မိမိအစီအစဉ်ဖြင့်သော်လည်းကောင်း၊ ဝန်ကြီးဌာန အစီအစဉ်ဖြင့်သော်လည်းကောင်း၊ နေထိုင်ရန်နေရာချထားပြီး ယာယီဘာရှာနှင့် ယာယီနေရာချထားပေးရန် လိုအပ်သည့်ဝန်ထမ်းမိသားစုအရေအတွက်အား အချိန်မီယာယီအမိုးအကာအောက်ရောက်ရှိစေရေး စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ လက်ရှိလည်း DMC အနေဖြင့် ယာယီနေထိုင်နိုင်ရန်အတွက်လည်း ဘာရှာများနှင့် Modular House များ ဆောက်လုပ်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောက်လုပ်ရာတွင် ယာယီဘာရှာဆောက်လုပ်မှု ကုန်ကျစရိတ်များကိုလည်း လိုအပ်၍ ပြန်လည်တောင်းခံလိုပါက DMC သို့ တင်ပြရန်လိုပြီး တောင်းခံရန်မလိုပါကလည်း တောင်းခံခြင်းမပြုရန်မှာကြားလိုကြောင်း၊ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများအနေဖြင့် ဧပြီ ၂၃ ရက်အထိ ၁၅၅ ကြိမ်လှုပ်ခတ်ပြီးဖြစ်ကြောင်း၊ လူမှုကွန်ရက်များတွင် ငလျင်နှင့်ပတ်သက်၍ သတင်းမှားများကို ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ဖန်တီးဖြန့်ဝေသူကိုလည်း ဖမ်းဆီးခဲ့ရကြောင်း၊ ထိုသို့ ဖမ်းဆီးရခြင်းမှာ ငလျင်ဘေးဒဏ်ခံပြည်သူလူထုကို ဖြေသိမ့်အားပေးရမည့်အစား တမင်ရည်ရွယ်ချက်ဖြင့် အထိတ်တလန့်ဖြစ်စေရေး ဆောင်ရွက်ခဲ့သည့်အတွက် အရေးယူရခြင်းဖြစ်ကြောင်း၊ နောက်ဆက်တွဲ ငလျင်ငယ်လှုပ်ခတ်မှုများမှာ ပျမ်းမျှ ရစ်ချ်တာစကေး ၄ နှင့်အောက် အများစုဖြစ်ပြီး ရစ်ချ်တာစကေး ၅ ဝန်းကျင် တစ်ကြိမ်ခန့်သာ ရှိကြောင်း၊ ဧပြီ ၂၃ ရက် နောက်ပိုင်းတွင် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု မရှိသေးပါကြောင်း၊ သို့သော် ငလျင်ဒဏ်ခံစားကြရသည့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို့မြို့နယ်၊ ရပ်ကွက်များအလိုက် အသိပညာပေးကြစေလိုကြောင်းနှင့် မိမိကိုယ်ကိုမိမိ လုံခြုံရေးအတွက်မူ သတိရှိစွာဖြင့် နေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း။

ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မူဝါဒများချမှတ်ပေးထားကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံများ အသစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြေစမ်းသပ်မှု (Soil Test) များ ဆောင်ရွက်ပြီးမှသာ တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရန် မြေအနေအထားကို ကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်း၍ ပြန်လည်ဆန်းစစ် စစ်ဆေးသွားရမည်ဖြစ်ကြောင်း၊ အသစ်ဆောက်လုပ်မည့် အဆောက်အအုံများ ငလျင်ကြောပေါ်တွင် ရောက်ရှိမနေစေရေးကိုလည်း ဆန်းစစ်ကြရမည်ဖြစ်ကြောင်း၊ အဆောက်အအုံများ‌‌ဆောက်လုပ်ရာတွင် ရစ်ချ်တာစကေး ၈ အထိ ခံနိုင်ရည်ရှိသည့် အဆောက်အအုံများကိုသာ ဆောက် လုပ်သွားကြရန်နှင့် ဆောက်လုပ်ဆဲအဆောက်အအုံများတွင်လည်း ငလျင်ဒဏ် ရစ်ချ်တာစကေး ၈ အထိ ခံနိုင်ရန် ဒီဇိုင်းပြင်ဆင်ရေးဆွဲခြင်း သို့မဟုတ် ဆောက်လက်စ အဆောက်အအုံ၌ ထပ်မံ၍ လိုအပ်သည့်အားဖြည့်မှုများ ဆောင်ရွက်ကြရန်လိုကြောင်း။

ထောက်ပံ့လှူဒါန်းမှုများနှင့် ပတ်သက်၍ အလှူရှင်များက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းမှုများရှိသကဲ့သို့ တစ်ဖက်ကလည်း အချို့စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းဈေးနှုန်းများကို အဆမတန်တင်၍ ရောင်းချနေကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအနေဖြင့် အချင်းချင်းကူညီရမည့်အစား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသည့်ကာလတွင် ဆောက်လုပ်ရေး ပစ္စည်းများကို မူရင်းဈေးနှုန်းထပ်မံမြှင့်တင်၍ ရောင်းချလျက်ရှိသည်ကို ကြားသိရကြောင်း၊ ထို့ကြောင့် မတော်လောဘ စီးပွားရေးသမားများကို နိုင်ငံတော်က ထိန်းချုပ်တားမြစ်ခြင်း၊ မေတ္တာရပ်ခံခြင်း စသည်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လိုက်နာမှုမရှိပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် သက်ဆိုင်သော လိုအပ်သည့်ပစ္စည်းများကိုလည်း နိုင်ငံတော်ကစိစစ်၍ တင်သွင်းခွင့်ပြုထား ကြောင်း၊ ယနေ့ အစည်းအဝေးတွင် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများအလိုက် ပြန်လည်နေရာချထားရေးကိစ္စရပ်များ၊ ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုကိစ္စရပ်များ၊ မြို့ပြစီမံကိန်း သစ်ရေးဆွဲရေးကိစ္စရပ်များ၊ ရေရရှိရေး၊ နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် MSME လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး၊ ပညာရေးဆိုင်ရာ အခြေခံပညာရေးအဆင့်၊ အဆင့်မြင့်ပညာရေးအဆင့်အသီးသီး၏ သတ်မှတ်ကျောင်းဖွင့်ရက်အမီ လုံးဝနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော ငလျင်ဒဏ်သင့် စာသင်ကျောင်းများနှင့် စာသင်ဆောင်များ အချိန်မီပြုပြင်ပြီးစီးရေးနှင့် ကျောင်းဖွင့်ရာသီအမီ ကျောင်းသား ကျောင်းသူများ အမိုးအကာအောက်၌ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြား၊ သင်ယူနိုင်ရေးကိစ္စရပ်များ၊ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ယာယီတည်းခိုနေထိုင်ရန် ဘာရှာများနှင့် Modular House များ တည်ဆောက်၍ နေရာချထားရေးကိစ္စရပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အခက်အခဲမရှိ ရရှိရေးကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင် ရွက်သွားမည့် ပြန်လည်ထူထောင်ရေးကိစ္စများတွင် လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန်လိုကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသင့်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်သူများ အနေဖြင့်လည်း မိမိတို့တတ်နိုင်သည်များကို တစ်နိုင်တစ်ပိုင် ဆောင်ရွက်သွားမည်ဆိုပါက သဘာဝဘေး အန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်မည် ဖြစ်ကြောင်း။

နိုင်ငံတကာတွင် ကာလတိုပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ၆ လ မှ ၁၂ လအထိ၊ ကာလ လတ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၁ နှစ်မှ ၂ နှစ်အထိ၊ ကာလရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ၂ နှစ်မှ ၅ နှစ်အထိ လိုအပ်ပါက ၁၀ နှစ်အထိ စသည်ဖြင့် ဆောင်ရွက်လေ့ရှိကြသည့်အတွက် မိမိတို့နိုင်ငံ၏ အရင်းအမြစ်ပေါ်တွင်မူတည်ပြီး ကဏ္ဍခွဲခြား ဆောင်ရွက်သွားမည်ဆိုပါက အမြန်ဆုံး ပြီးမြောက်အောင်မြင်သည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အစည်းအဝေး တွင် သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းအလိုက်၊ နယ်မြေဒေသအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ဒေါက်တာစိုးဝင်းတို့က ငလျင်ဘေးဒဏ်သင့်ဒေသများ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးဆောင်ရွက်ပေးနေမှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ပြည်တွင်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပူးပေါင်းဆောင်ရွက်ပေးခဲ့မှု၊ ငလျင်ဘေးဒဏ်သင့် အဆောက် အအုံများအတွင်း ကျန်ရှိနေသည့်ပစ္စည်းများအား ကူညီရှာဖွေဆောင်ရွက်ပေးနေမှု၊ ငလျင်ဘေးဒဏ်သင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ သောက်သုံးရေဖြန့်ဝေပေးနိုင်မှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ယာယီတည်းခိုရေးစခန်းများ တည်ဆောက်၍နေရာချထားပေးမှု၊ Medium Team ဖွဲ့စည်း နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့်ဝန်ထမ်းများအား ထောက်ပံ့ပေးနေမှု၊ နိုင်ငံတကာမှထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလာမှုနှင့် ငလျင်ဒဏ်သင့်ဒေသများသို့ ဖြန့်ခွဲပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ကော်မတီဖွဲ့စည်း၍ လုပ်ငန်းတာဝန်များဆောင်ရွက်နေမှု၊ ငလျင်ကြောင့်ဖြစ် ပေါ်ခဲ့သည့် အပျက်အစီးများရှင်းလင်းခြင်းနှင့် ယာယီရုံးများဦးစားပေးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊ စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အထူးအဆောက်အအုံများအား စစ်ဆေးခဲ့မှုနှင့် စစ်ဆေးတွေ့ရှိချက်များ၊ ပြင်ဆင်ခြင်း၊ အသစ် တည်ဆောက်ခြင်းလုပ်ငန်းများ လျာထားဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှုများကို ဖတ်ကြားတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရန် ဘာရှာနှင့် Modular House များ ဆောက်လုပ်ပေးနေမှု၊ ဝန်ထမ်းအိမ်ရာများအား အကဲဖြတ်အရောင်သတ် မှတ်ချက်များအလိုက် ပြင်ဆင်ခြင်းနှင့် အသစ်တည် ဆောက်ခြင်းများ ဆောင်ရွက်နိုင်ရန် စစ်ဆေးခဲ့မှု၊ သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သည့် နိုင်ငံ တကာအကူအညီများအား စနစ်တကျစိစစ်၍ လက်ခံဆောင်ရွက်နေမှု၊ ကျွမ်းကျင်ပညာရှင်အဖွဲ့များဖွဲ့စည်း၍ ငလျင်ကြောင့် ပြောင်းလဲသွားသည့် မြေလမ်းကြောင်း အခြေအနေများအား လေ့လာသုံးသပ်ရန်လိုအပ်မှု၊ ငလျင်နှင့်ပတ်သက်သည့် သတင်းမှန်များ ကိုလည်း နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ပြည်သူများထံသို့ ထုတ်ပြန်ပေးနေမှု၊ လာမည့်ကျောင်းဖွင့်ရာသီအမီ ကျောင်းများပုံမှန် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု၊ လမ်း၊ တံတားများ ထိခိုက်ပျက်စီးမှုနှင့် ပြုပြင်ပြီးစီးမှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ဆည်မြောင်း၊ တာတမံများအား ပြန်လည်ပြုပြင်ပြီးစီးမှု၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးကွက်တွင် ဈေးနှုန်းမှန်ကန်စွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရန် စီမံဆောင်ရွက်ထားရှိမှု၊ ကယ်ဆယ်ရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ အဆင်သင့်စုဖွဲ့ထားရှိမှုနှင့် ကဏ္ဍအလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အထွေထွေဆွေးနွေးကြရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ထူထောင်ရေး၌ အဓိကလိုအပ်သည့် ဘိလပ်မြေနှင့်ပတ်သက်၍ ငလျင်မလှုပ်မီ ဘိလပ်မြေစက်ရုံကိုးရုံမှ တစ်ရက်လျှင် တန် ၃၀၇၀၀ (အိတ် ၆၁၄၀၀၀) ထုတ်လုပ်ခဲ့သော်လည်း ငလျင်လှုပ်ပြီးနောက်ပိုင်း စက်ရုံခြောက်ရုံမှ ဘိလပ်မြေ တန် ၁၇၁၀၀ (အိတ် ၃၄၂၀၀၀) ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ မေ ၁၅ ရက်တွင် ဘိလပ်မြေ တန် ၂၂၁၀၀ (အိတ် ၄၄၂၀၀၀) ထွက်ရှိနိုင်ရေး ထပ်မံတိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ပြီး စက်တင်ဘာလတွင် ဘိလပ်မြေ တန် ၃၂၁၀၀ (အိတ် ၆၄၂၀၀၀) အထိထွက်ရှိအောင် ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘိလပ်မြေတစ်အိတ် ဈေးနှုန်းကိုလည်း တစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀ ဖြင့် ဘေးသင့်အဆောက်အအုံများသို့ ရောင်းချ၍ပေးရန် သက်ဆိုင်ရာ စက်ရုံများသို့ ဈေးနှုန်းသတ်မှတ်ပေးထားကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စာရင်းကောက်ယူရေးအဖွဲ့က တင်ပြလာသည့် ငလျင်ဒဏ်သင့်ဒေသများရှိ အပျက်အစီးစာရင်းများကို စနစ်တကျပြုစု၍ ခေါင်းစဉ်များအလိုက် တင်ပြရန်၊ ငလျင်ဒဏ်ခံနိုင်မည့် ဒီဇိုင်းများကို နိုင်ငံတကာအကူအညီဖြင့် လေ့လာဆည်းပူး ဆောက်လုပ်ရန်၊ ပြည်တွင်း၊ ပြည်ပ ကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံ့ငွေများကို စနစ်တကျ လက်ခံသွားရန်နှင့် ဖြန့်ခွဲရာတွင် စနစ်တကျ သံသယကင်းစွာဖြင့် ဆောင်ရွက်သွားကြရန်၊ ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာ၌ နိုင်ငံတော်ကပေးအပ်ထားသည့် ထောက်ပံ့ငွေများကို အဓိကလိုအပ်သည့်နေရာများတွင်သာ သုံးစွဲရန်၊ ငလျင်ဒဏ်သင့် အဆောက်အအုံများ ကြံ့ခိုင်မှုကိုတိုင်းတာသည့် ကိရိယာများ ဝယ်ယူရေးတင်ပြဆောင်ရွက်ရန်၊ အရောင်အဆင့်အလိုက် သတ်မှတ်ထားသည့် အဆောက်အအုံများကိုလည်း အမြန်ဆုံးပြန်လည်ပြင် ဆင်တည်ဆောက်သွားရန်၊ ပြည်ပမှ နှောင်ကြိုးမဲ့ အကူအညီများကို စိစစ်လက်ခံသွားရန်၊ MSME လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး လိုအပ်ချက်များနှင့် နိုင်ငံတော်အပိုင်းမှ ဖြည့်ဆည်းပေးရမည့်အချက်များ၊ ဝန်ထမ်းများ ယာယီတည်းခိုနေထိုင်ရန် ဘာရှာများနှင့်တွဲလျက် ယာယီရေချိုးခန်းများကိုလည်း ကျား၊ မ သပ်သပ်ခွဲကာ လုံခြုံစွာဆောင်ရွက်ပေးရန်၊ ဘိလပ်မြေနှင့်ပတ်သက်၍ စက်ရုံများအလိုက် တစ်ရက်ထုတ်လုပ်ရရှိနိုင်မည့် အိတ်အရေအတွက်ကိုလည်း အသေးစိတ်တွက်ချက်၍ လက်ရှိလည်ပတ်နေသည့် စက်ရုံများအလိုက် ထုတ်လုပ်ပြီး ဘိလပ်မြေများကို ငလျင်ဘေးဒဏ် အဓိကခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် ပုတ်ပြတ်သတ်မှတ်၍ ရောင်းချပေးနိုင်ရေး အသေးစိတ်စိစစ်၍ ပြန်လည်တင်ပြရန်နှင့် ထုတ်လုပ်မှု၊ ပျက်စီးစက်ရုံပြုပြင်မှု ပြီးစီးမည့် ခန့်မှန်းကာလနှင့်ပျက်စီးစက်ရုံများ အားလုံးပြုပြင်ပြီးပါက စုစုပေါင်းထွက်ရှိမည့် တစ်ရက် ဘိလပ်မြေအိတ်ပမာဏတို့အား သတင်းထုတ် ပြန်ပေးသွားရန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက ငလျင်ဒဏ်သင့် ဒေသများရှိ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျောက် ဆုံးမှုများနှင့်ပတ်သက်၍ မိမိအစီအစဉ်ဖြင့် နေထိုင်သူ မိသားစုများမှ နိုင်ငံသားစိစစ်ရေးကတ်ပြား အမြန်ဆုံးပြုလုပ်နိုင်ရေး ခရိုင်/မြို့နယ်/ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များကနှိုးဆော်၍ အမြန်ဆုံးပြုလုပ်ပေးရန်၊ မကြာမီရောက်ရှိလာမည့် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်ဆီ) တန်ချိန် ငါးသောင်းရောက်ရှိပါက ဖြန့်ခွဲအသုံးပြု မည့်လျာထားချက်ကိုလည်း စွမ်းအင်ဝန်ကြီးဌာနကကြိုတင်တင်ပြရန် လိုအပ်သလို ရေကြောင်းခရီးဖြင့် ရောက်ရှိလာမည့် Container Modular များနှင့် အခြားသော ထောက်ပံ့ရေးပစ္စည်းများအား ကုန်ရထားဖြင့် ရန်ကုန်မှ နေပြည်တော်၊ မန္တလေးထိ ပို့ဆောင်နိုင်ရေးကိုလည်း ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီနှင့် လှူဒါန်းသည့်ပစ္စည်းများ လက်ခံ၊ ဖြန့်ဝေရေး လုပ်ငန်းကော်မတီတို့မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ကော်မတီအလိုက် တာဝန်ရှိသူများအနေဖြင့်နောင်အစည်း အဝေးများတွင် မိမိ၏ဝန်ကြီးဌာနတစ်ခုအတွက်သာမက ငလျင်ဒဏ်သင့်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးအတွက်ပါ ထည့်သွင်းစဉ်းစား၍ အကြံပြုဆွေးနွေးကြရန် ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်